ပဲခူးအရှေ့ခြမ်း ပစ်မှတ်ထား ဗုံးကြဲခံရပြီး ဒေသခံ ငါးဦးသေ၊ ငါးထောင်ခန့် ထွက်ပြေးနေရ

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေ သည့် နေအိမ်အဆောက်အအုံအချို့ကို Free Burma Rangers အဖွဲ့က ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေ သည့် နေအိမ်အဆောက်အအုံအချို့ကို Free Burma Rangers အဖွဲ့က ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Facebook/ Free Burma Rangers)

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ငါးဦး သေဆုံးပြီး၊ ရွာဆယ်ရွာက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ အရပ်သားတွေကို ကူညီပေးနေတဲ့ Free Burma Rangers အဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။

မတ်လ ၈ ရက်နေ့က တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ Free Burma Rangers အဖွဲ့တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တာပါ။

မတ်လ ၆ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ်က ရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်မှာ ရွာဆယ်ရွာက ဒေသခံငါးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ Free Burma Rangers အဖွဲ့က ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ဒီပြောဆိုမှုတွေ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပဲခူးတိုင်းအရှေ့ခြမ်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့ KNU မတ်လပထမပတ်အတွင်း ထုတ်ပြန်ထားပါတယ်။