ရှမ်းပြည်နယ် လားရှိုးမြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ဟာ ကြေးရုပ်သွန်းလုပ်တဲ့ မန္တလေးမြို့ကနေ လားရှိုးမြို့ ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ကြေးရုပ်တည်ဖို့နေရာ ခွင့်ပြုချက် မရသေးတဲ့အတွက် အခက်အခဲဖြစ်နေပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို လွတ်လပ်ရေးကျောက်တိုင်ကွင်းနဲ့ အာဇာနည်ကျောက်တိုင်ကွင်းမှာ ထားဖို့ တင်ပြထားပေမယ့် ခွင့်ပြုချက်မရသေးဘူးလို့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဌေး က ပြောပါတယ်။
"အခုမှ ကျနော်တို့ကလားရှိုးကိုခွင့်ပြုချက်တောင်မရသေးပါဘူး၊ လားရှိုးမှာတည်ဖို့နေရာက ဘယ်နေရာလဲ ဆိုတာတောင်ကျနော်တို့မသိသေးပါဘူး၊ ဒါပေမယ့် ကျနော်တို့က ကော်မတီရဲ့ဆုံးဖြတ်ချက်အရဆိုရင် အာဇာနည်ကျောက်တိုင်မှာတစ်နေရာ၊ ဒုတိယနေရာကတော့ လွတ်လပ်ရေးကျောက်တိုင်စိုက်ထူထားတဲ့ ပန်းခြံထဲမှာဖြစ်ပါတယ်၊ ဘယ်နေရာကိုချပေးမယ်ဆိုတာတော့မသိသေးပါဘူး"
လတ်တလောမှာ ဗိုလ်ချုပ်ကြေးရုပ်ကို လားရှိုးမြို့က ဗောဓိရုံဘုန်းတော်ကြီးကျောင်းမှာ ယာယီထားရှိဖို့ စီစဉ်ထားပါတယ်။ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်နဲ့ လားရှိုးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့အတွက် ပြီးခဲ့တဲ့နှစ်က စတင်စီစဉ်ခဲ့တာဖြစ်ပြီး အလှူငွေကျပ်သိန်း ၁၅၀ ကျော် အကုန်အကျခံပြီး ကြေးပိဿချိန် ၂၀၀ နဲ့ သွန်းလုပ်ထား တာဖြစ်ပါတယ်။