ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေ က ဒီနေ့ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ ပိတ်ဆို့တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
မြို့နယ်ခန်းမနဲ့ ပြည်နယ်ခန်းမကြားမှာ ရဲအင်အား ၁၀၀ လောက်က ပိတ်ဆို့တားဆီးခဲ့တာဖြစ်ပြီး ဆက်သွားဖို့ ညှိနှိုင်းလို့မရတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာလို့ ဆန္ဒပြပွဲဦးဆောင်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်း က ပြောပါတယ်။
"မြို့နယ်ခန်းမနဲ့ ပြည်နယ်ခန်းမကြားမှာ ရဲအင်အား ၁၀၀ နီးပါးလောက်က ပိတ်ဆို့ထားတာပေါ့၊ ကျနော်တို့နဲ့ ညှိနှိုင်းခဲ့တယ် ဒါပေမဲ့ အဆင်မပြေခဲ့ဘူး၊ ကျနော်တို့ရဲ့ ဆန္ဒကို မလိုက်လျောခဲ့ဘဲနဲ့ ကျနော်တို့ လူထုအင်အားနဲ့ ထိုးဖောက်ချိန်မှာ ကျနော်တို့ကို တုတ်တွေနဲ့ ရိုက်တာတွေရှိတယ်၊ လျှပ်စစ် တုတ်တွေနဲ့ ဓါတ်လိုက်တဲ့တုတ်တွေ နဲ့လည်းလုပ်ခဲ့တယ်၊ နောက်ပြီးတော့ သေနတ်မောင်းကိုတင်ပြီး လူထုမျက်နှာကို သေနတ်နဲ့ ချိန်ရွယ်တာမျိုး လုပ်ခဲ့တယ်၊ ခြိမ်းခြောက်ခဲ့တယ်၊ ကျနော်တို့ ဦးဆောင်ကော် မတီထဲက ကိုဖိလစ်စိုးအောင်ကိုလည်း အချုပ်ကား ထဲမှာ ထည့်သွင်းခဲ့ပြီးနောက်ပိုင်းမှာ ကျနော်တို့ လူထုတွေက ရဲတွေကို ပြန်ဝန်းရံလိုက်တော့ ရဲတွေကလည်း ဖမ်းထားတဲ့လူကို ပြန်လွှတ်ပေးရင် လူစုခွဲပေးနိုင်မလား တောင်းဆိုလာတော့ လူစုခွဲပေးမယ်ဆိုတဲ့ သဘောတူ ချက်ရတော့ ကျနော် တို့ အေးအေးဆေးဆေး လူစုခွဲပေးလိုက်တာပေါ့"
ရုန်းရင်းဆန်ခတ်ဖြစ်ရာမှာ ရဲတပ်ဖွဲ့ဘက်က လျှပ်စစ်တုတ်တွေ၊ တုတ်တွေနဲ့ ရိုက်တာကြောင့် ဒဏ်ရာရခဲ့သူတွေ၊ ထွက်ပြေးရင်းချော်လဲပြီး ဦးခေါင်းမှာ ဒဏ်ရာရသူတွေ ရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေဘက်က ပြန်ရိုက် တာတွေလည်းရှိတာကြောင့် နှစ်ဖက်လုံးမှာ ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ လွိုင်ကော်မြို့ရဲ့ တောင်၊ မြောက်နဲ့ အရှေ့ဆိုပြီး လမ်းကြောင်း ၃ ကြောင်းခွဲကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့် ပန်းခြံမှာ ဆုံကြပြီး အစိုးရရုံးရှေ့အထိ သွားကြဖို့ စီစဉ်ထားတာပါ။ ရဲတပ်ဖွဲ့က ပိတ်ဆိုတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြပွဲဆုံးမယ့်နေရာအထိ မရောက်ခဲ့ဘဲ လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။
ကယားပြည်နယ်ရဲ့ လေးစားရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သူရဲကောင်းတွေရဲ့ ရုပ်တုတွေ မရှိသေး ချိန်မှာ ဒေသခံတွေရဲ့ သဘောဆန္ဒမရယူဘဲ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်မှာကို လက်မခံနိုင်တာ ဖြစ်တယ်လို့ ခွန်းမျိုးလှိုင်ဝင်း က ပြောပါတယ်။ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ ထံ အကြောင်းကြားစာတင်ထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ဒီအခြေအနေအပေါ် အထွေထွေအုပ်ချုပ်ရေးအဖဲ့ွ၊ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်အစိုးရတို့ထံ ဆက်သွယ်မေးမြန်းပေမယ့် အခုချိန်ထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
ဒီနေ့ ဆန္ဒထုတ်ဖော်ရာမှာ ဒေသခံအင်အား ၇၀၀ နီးပါးလောက် ပါဝင်ခဲ့ပြီး တိုင်းရင်းသားသွေးခွဲနေမှုတွေ အလိုမရှိ၊ ကရင်နီသမိုင်းမှန်ဖျောက်ဖျက်သူ အလိုမရှိ၊ ပြည်နယ်အစိုးရက အတင်းအဓမ္မ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်နေမှု အလိုမရှိ စတာတွေကို ကြွေးကြော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကစပြီး လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ရုပ်တုထားရှိမယ့်အပေါ် ကန့်ကွက်စာတွေ ဖြန့်ဝေခဲ့တဲ့ ခွန်းမျိုးလှိုင်ဝင်း အပါအဝင် ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) အရ လွိုင်ကော်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ခွန်းမျိုးလှိုင်ဝင်း က ပြောပါတယ်။ အဲဒီအမှုကို လာမယ့် ဇူလိုင်လ ၅ရက်နေ့မှာ လာရောက်ရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်စာ ပို့ထားတယ်လို့လည်း သိရပါတယ်။