ဘိုကလေးမှာ စစ်မှုမထမ်းလိုတဲ့ရွာတွေ ကျပ် သိန်းငါးဆယ်အထိ ပေးနေရ
2024.09.12
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေအတွက် စစ်သားစုဆောင်းမပေးနိုင်တဲ့ ရွာတွေကို ငွေကျပ် သိန်းငါးဆယ်ကျော်အထိ စစ်ကောင်စီဘက်က တောင်းယူနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဘိုကလေးမြို့ပေါ် ရပ်ကွက်အချို့နဲ့ ကဒုံကနိ၊ မြင်းကကုန်း၊ စက်ဆန်း စတဲ့ ကျေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်စု တစ်ခုကို စစ်မှုထမ်းဖို့ လူ ခြောက်ဦးကနေ သုံးဦးအထိ ပေးဖို့ စစ်ကောင်စီက တောင်းယူနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ငွေကြေးကောက်ခံမှုတွေကတော့ ဘိုကလေးမှာ နေရာတိုင်းမှာ ရှိတယ်။ တစ်ရပ်ကွက်ကို သိန်းငါးဆယ်နှုန်းပေါ့။ မြို့ပေါ်တော့ အားလုံးမဟုတ်ဘူး။ ရွာတွေမှာဆိုရင် ကဒုံကနိကျေးရွာအပိုင် ၂၃ နဲ့ အုပ်စုခွဲ ၂၃စု ရှိတယ်။ တစ်ခုကို သိန်းငါးဆယ်မပေးရင် လူခြောက်ယောက်ပေးရမယ်"
ရွှေစာရံကျေးရွာမှာဆိုရင် စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့ လူငယ်တွေရှိတဲ့ အိမ်တွေကို ငွေကျပ် တစ်သိန်းခွဲ အထိ ကောက်ခံနေတာကြောင့် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ရောင်းချပြီး ပေးနေရတယ်လို့ ရွှေစာရံကျေးရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေစာရံမှာ စားနိုင်သောက်နိုင်တဲ့သူက လက်ချိုးရေလို့တောင်ရတယ်သိလား။ အဲဒါနဲ့ ကိုယ့်သားသမီးလေးတွေ မပါရေး ခြစ်ခြုတ်ပြီးတော့ အမေတွေက ဆံပင်တွေကို အကုန်ဖြတ်ရောင်းပစ်တာ အကုန်လုံး ကတုံးတွေချည်း ဖြစ်ကုန်ပြီ”
ငွေကျပ်သိန်းငါးဆယ်အပြင် စစ်မှုထမ်းမဲ့သူကို ငှားရမ်းပြီး သက်ဆိုင်ရာစစ်သင်တန်းကျောင်းတွေကို ပို့ပေးခအဖြစ် ကျပ်သုံးသိန်းကိုပါ ထပ်ပြီးပေးနေရတယ်လို့လည်း သူက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ ဧရာ၀တီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က စက်တင်ဘာလ ၁၂ ရက် ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မတ်လကစပြီး ဧရာ၀တီတိုင်းမှာ ပြည်သူ့ စစ်မှုထမ်းအတွက် စစ်သားခေါ်ယူမှုတွေကို တစ်ရွာကို လူနှစ်ဦးနှုန်း မဲနှိုက်ရွေးချယ်မှုတွေ စတင်လုပ်ဆောင် လာတာပါ။
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်းလိုက်တာပါ။
ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းတွေကို ဆက်တိုက်ပေးနေရာမှာ အခုဆိုရင် အပတ်စဉ် (၅) အထိ ရှိနေပါပြီ။