ရန်ကုန် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးခွဲခံရ

ရန်ကုန်တိုင်း မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်နေတဲ့ ရေကစားမဏ္ဍပ်အနီးမှာ ဧပြီ ၈ ရက် ဒီနေ့ညနေ ၄ နာရီ ကျော်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။

"ကျနော့်ကားက မြို့တော်ခန်းမကိုတော့ ကျော်သွားပြီ၊ ဝုန်းဆိုပြီး အသံကြားတဲ့ အချိန်မှာပဲ မီးပွိုင့်မိတယ်၊ ကားဘက်မှန်ထဲက ကြည့်တော့ ဘန်ကာတွေနောက်က စစ်သားတွေ မြို့တော်ခန်းမ မဏ္ဍပ်ကို တစ်ပြုံကြီး ပြေးသွားကြတယ်၊ သေဆုံးထိခိုက် ကတော့ ကျနော် သေချာမသိပါဘူး" လို့ အခင်းဖြစ်နေရာအနီးမှာ ရှိနေခဲ့တဲ့ အငှား ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးချင်းမှာပဲ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်းတွေကို ပိတ်ပြီး ကားတွေကို စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထား တာလည်း မရှိသေးပါဘူး။

မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်ခဲ့တာလို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့ ညနေမှာ ထုတ်ပြန်ပါတယ်။

ပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံနေရချိန် စစ်ကောင်စီက စီစဉ်နေတဲ့ သင်္ကြန် ပျော်ပွဲရွှင်ပွဲတွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကြာခင်ကျရောက်မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲကို စစ်ကောင်စီက ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ ကျင်းပဖို့ စီစဉ်နေတာပါ။ လုံခြုံရေးအားကောင်းတဲ့နေရာနဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ထိန်းသိမ်းနိုင်တဲ့ နေရာတွေမှာ သင်္ကြန်ပွဲကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဧပြီလ ၄ ရက်နေ့က ပြောဆို ထားပါတယ်။