ရန်ကုန် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ငါးပေါင်းမှုန့်စက်ရုံက အနံ့ဆိုးတွေ ထွက်နေတဲ့အတွက် ပတ်ဝန်းကျင်က ဒေသခံတွေ ကျန်းမာရေးထိခိုက်တာတွေ ရှိနေတာကြောင့် စက်ရုံပိတ်သိမ်းတာမျိုး ဆောင်ရွက်မပေးမချင်း ဆက်တိုက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ခဲ့သူက ပြောပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းစီမံကိန်းဇုန် (၁) မှာရှိတဲ့ ငါးပေါင်းမှုန့်စက်ရုံက အနံ့ဆိုးတွေ ထွက်နေတဲ့အတွက် အဲဒီ စက်ရုံကိုပိတ်သိမ်းပြီး တခြားနေရာမှာ ပြောင်းရွှေ့ဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြတာလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
"ကျနော်တို့ ဇုန် ၁ ၊ ဇုန် ၂ ၊ ဇုန် ၃ ဆိုတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စီမံကိန်းဇုန်ဖော်ထားတဲ့ နေရာမှာ မရှိစေချင်ပါဘူး၊ သူက အနံ့နဲ့ ပတ်သက်တဲ့အတွက် ဇုန် ၄ မှာ အနံ့ဇုန်ရှိပါတယ်၊ သူ့ကို အဲဒီဘက်ပြောင်း သွားခဲ့ရင် အဲဒီဘက်ကလာတဲ့အနံ့ဆိုရင် ကျနော်တို့ ပြောပိုင်ခွင့်လည်းမရှိပါဘူး၊ တားပိုင်ခွင့်လည်းမရှိပါဘူး၊ ကျနော်တို့ကတော့ ပြည်သူတွေ၊ ရပ်မိရပ်ဖတွေ ကျန်းမာရေးကို ရှေးရှုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်"
ငါးပေါင်းမှုန့် စက်ရုံကို ၂ဝ၁၆ ခုနှစ်ကတည်းက ဇုန် (၁) မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး စက်ရုံလုပ်ငန်း စတင်ဆောင် ရွက်ပြီး တစ်လမတိုင်ခင်မှာ အနံ့ဆိုးတွေထွက်လာတဲ့အတွက် ဒီကိစ္စအပေါ် ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ စက်ရုံ တာဝန်ရှိသူ၊ စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးတာမျိုးတွေ လုပ်ခဲ့ပေမယ့်လည်း အဆင်မပြေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေမှာ ကျန်းမာရေးထိခိုက်လာတာတွေ ရှိလာတယ်လို့လည်း သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လိုက်လံဖြေရှင်းဆောင်ရွက်ပေးနေတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးကတော့ ဒေသခံတွေဘက်က စက်ရုံအနံ့ဆိုးထွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတာ မျိုးတွေရှိလို့ ရန်ကုန် စည်ပင်တာဝန်ရှိသူတွေက စက်ရုံကို ကွင်းဆင်းစစ်ဆေးပြီး စက်ရုံလုပ်ငန်းဆောင်ရွက်မှုကို ခေတ္တရပ်နားခိုင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒီစက်ရုံက အနံ့ဆိုးတွေ မထွက်အောင် အဆင့်မြှင့်တင်ဆောင် ရွက်ပေးဖို့ စည်ပင်က ညွှန်ကြားခဲ့ပြီး စက်ရုံဘက်က အဆင့်မြှင့်တင်ပြီးတဲ့နောက် စမ်းသပ်ကာလ ပြန်ပြီးလုပ်ငန်း လည်ပတ်နေတဲ့အချိန်မှာ အနံ့ဆိုးတွေထွက်တယ်ဆိုပြီး ဒေသခံတွေက အခုလို ဆန္ဒဖော်ထုတ်ကြတာဖြစ်တယ်လို့ ပြောပါတယ်။
လက်တလော စက်ရုံအနေနဲ့ကတော့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကတည်းက လုပ်ငန်းလည်ပတ်တာမျိုးမရှိဘဲ ရပ်ဆိုင်းထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ပြောပါတယ်။