ရန်ကုန်က တံတား ၉ စင်းကို ဖြတ်သန်းခ မကောက်ဘဲ သွားလာခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အသွားအလာအများဆုံး အဓိကတံတားကြီး ၉ စင်းမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခ မကောက်ခံတော့ဘဲ သွားလာခွင့်ပြုတော့မှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲလိုတံတားဖြတ်သန်းသွားလာခတွေ မကောက်ခံတော့ရင် အချိန်ကုန်သက်သာပြီး လိုရာခရီးကိုရောက်နိုင်သလို ကုန်စည်တွေအတွက် သယ်ယူပို့ဆောင်ခတွေ သက်သာလာမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဦးစောသိန်း က ပြောပါတယ်။

"ဒီတံတားတွေကတော့ ရန်ကုန်မြို့ရဲ့အဓိကကျတဲ့ အသွားအလာအများဆုံး တံတားတွေဖြစ်ပါတယ်၊ ကားတွေ တောက်လျှောက်ပေါ့နော်၊ တစ်ခါတည်း တန်းပြီးတော့ မောင်းသွားရုံပဲ၊ အချိန်သက်သာသွား တာပေါ့နော်၊ နောက်သယ်ယူပို့ဆောင်ခတွေလည်း အရင်တုန်းကဆို တိုးဂိတ်မှာ ပိုက်ဆံပေးရတယ် ၊ ဖြတ်သန်းခပေးရတယ်၊ ခုမပေးရတော့ဘူး၊ ကုန်စည်ဖိုးတွေလည်း အဲဒီအပေါ်မှာ လျော့ကျ သွားနိုင်တယ်"

တံတားတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မရှိတော့မှာဖြစ်တဲ့အတွက် တံတားတွေကလည်း အရင် ကထက်ပိုပြီး ကြံ့ခိုင်မှုရှိလာမှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ လေလံအောင်ထားတဲ့ ကုမ္ပဏီတွေက တံတားအမျိုးအစား၊ အရှည်အလိုက် သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း ဖြတ်သန်းသွားလာခတွေ ကောက်ခံနေတာလည်း ဖြစ် ပါတယ်။ အဲဒီတံတားတွေကတော့ ရန်ကုန်-သန်လျင်တံတားအမှတ် ၁ နဲ့ ၂၊ ဘုရင့်နောင်တံတားအမှတ် ၁ နဲ့ ၂၊ အောင်ဇေယျကြိုးတံတား၊ ရွှေပြည်သာတံတား၊ ပန်းလှိုင်တံတား၊ တွံတေးတံတားနဲ့ မဟာဗန္ဓုလတံတားတို့ဖြစ် ပါတယ်။

ရန်ကုန်-သန်လျင်တံတားအမှတ် ၁ ဟာ အစွန်းထွက် ယက်မပေါ်မှာ ကားလမ်းတွေတည်ဆောက်ထားတဲ့ အတွက် တံတားပေါ်မှာ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘဲ ခရီးသည်တင် ယာဉ်တွေနဲ့ ယာဉ်ငယ်တွေကို သာ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။