မြန်မာတပ်ဖွဲ့ ကျုးလွန်မှု မုချ အရေးယူရမယ်လို့ ဗြိတိန်ပြောကြား

2018-09-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို တွေ့ရစဉ်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို တွေ့ရစဉ်
Photo: SAUL LOEB / AFP

လူမျိုးတုံးရှင်းလင်းမှုကို ဘယ်လိုပုံစံ ဘယ်လို အခြေအနေမျိုးမှာမှ လက်မခံနိုင်ဘဲ၊ တာဝန်ရှိသူတွေကို တရားဥပဒေအရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် (Jeremy Hunt) က မနေ့က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးရှင်းလင်းမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမကထပြုလုပ်ဖို့ ရည်မှန်းထားတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံလိုကြောင်း၊ ပကတိ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုပြီး မြန်မာ ခေါင်းဆောင်တွေနဲ့ အဲဒီလို တွေ့ဆုံခွင့်ရရင် ပိုမိုခိုင်မာမှာဖြစ်လို့ အင်မတန်အရေးကြီးကြောင်းလည်း ဂျယ်ရမီဟန့်က ပြောပါတယ်။

တဆက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြား တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၅ ယောက်ကို ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေးအဖွဲ့က ထောက်ခံတင်ပြခဲ့တာနဲ့ စပ်လျဉ်းပြီး ဗြိတိန်ဝန်ကြီးက အဲဒီလို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ အခုအခြေအနေအရ ဒီကိစ္စအတွက် ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ပါ့မလားဆိုတာ မသေချာကြောင်း၊ ဒါပေမဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေ တရားဥပဒေရှေ့မှောက် ရောက်ရှိရေးအတွက် ဘယ်လိုနည်း လမ်းမှ မကျန်အောင် စေ့စပ်စွာ ကြိုးစားမှာဖြစ်ကြောင်း ကတိပြုပြောကြားပါတယ်။

“အခု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခမှာ စည်းကမ်းကန့်သတ်မှု ဘောင်တခုကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်၊ ယဉ်ကျေးတဲ့လူ့ဘောင်ကို ယုံကြည်တန်ဖိုးထားတဲ့ နိုင်ငံတွေအနေနဲ့ တရားဥပဒေနဲ့အညီ လိုက်နာရပ်တည်ဖို့ လိုအပ်လှပါတယ်”... လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မနေ့က ထုတ်ဝေတဲ့ The Wall Street Journal မှာ... ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့တာဟာ မြန်မာပြည်ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးမှုဖြစ်တယ်လို့ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ အခုအချိန်မှာ ဒီပြဿနာဟာ သတင်းထောက်တွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ လွှတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအပေါ် မူတည်နေပြီဖြစ်ကြောင်းနဲ့၊ သူမအနေနဲ့ ဒီမိုကရေစီ စံသတ်မှတ်ချက်တွေကို အခုအချိန်ထိ သစ္စာရှိရှိ ကတိပြု လိုက်နာနေဆဲပဲလား ဆိုတာကို စမ်းသပ်မှုအဖြစ် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

ကွန်မင့်များ (1)
Share

(

Bravo British FM Jeremy and his team for the right and most suitable decision! Not only the Rakhine cases, please take actions on other crimes in Kachin, Kayin, Chin and Shan states.

Sep 05, 2018 06:32 AM

ဆိုက်တခုလုံးသို့