ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတ တဲ့လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့ ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Kent က ပြောကြားလိုက်ပါတယ်။
ဒီလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ MWRN က ဦးအောင်ကျော် က ပြောပါတယ်။
"ဗြိတိန်သံအမတ်ကြီးက သူ့ရဲ့သံရုံးကို ကျနော်တို့အဖွဲ့ကို ဖိတ်ခေါ်ပြီးတော့မှ တွေ့ဆုံတာဖြစ်ပါတယ်ခင်ဗျ၊ သူ့အနေနဲ့ ဘယ်လောက်အထိ သိထားပါတယ်လို့တော့ မပြောဘူး၊ ဒါကို အနီးကပ်စောင့်ကြည့်နေပါတယ်၊ သူ့အနေနဲ့ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ နည်းစနစ်တစ်ခုဖြစ်အောင် သူတတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ် ဆိုတဲ့သဘောကို ပြောပါတယ်"
ဗြိတိန်သံအမတ်ကြီးဟာ လူသတ်မှုကို ကွင်းဆင်းအချက်လက်စုဆောင်းခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ MWRN၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ HRDF နဲ့ Cross Cultural Foundation (CrCF) အဖွဲ့ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ကော့တောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာသံရုံးအပါအဝင် မြန်မာအလုပ်သမား အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထိုင်းရှေ့နေများကောင်စီက ဒီကနေ့ ကမ်းလှမ်းလာတယ်လို့ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သောင်းက ပြောပါတယ်။
"ထိုင်းရှေ့နေများကောင်စီက ဒီနေ့ ကျနော်တို့ကို ဆက်သွယ်တယ်၊ ဒီမှုခင်းကိစ္စမှာပေါ့နော် ထိုင်းရှေ့နေများ အဖွဲ့က အကြံပေးချင်တယ်၊ ပူးပေါင်းဆောင်ရွက်လိုတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်းပဲ မြန်မာဖက်က ကျွမ်းကျင်တဲ့ရှေ့နေတစ်ယောက် လိုအပ်မှာဖြစ်သလို ထိုင်းရှေ့နေများကောင်စီကလည်း ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါဝင်မယ်၊ ဒါ့အပြင် နိုင်ငံတကာက ကျွမ်းကျင်တဲ့ရှေ့နေများ၊ အဲ့လိုမျိုး သုံးဦးသုံးဖလှယ် ညှိနှိုင်းတိုင်ပင်ပြီးတော့မှလုပ်ခြင်းဟာ အမှန်တရားအတွက် ပိုမိုနီးစပ်စေမှာဖြစ်တယ်လို့ ကျနော်တို့ကို ကမ်းလှမ်းလာတယ်၊ အဲ့ဒါကို ကျနော်တို့က အစိုးရပိုင်းကို ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အတွက် ဒီလိုထိုင်းရှေ့နေ များကောင်စီက ကမ်းလှမ်းလာတဲ့အပေါ်မှာ လာမယ့်တနင်္လာနေ့မှာ မြန်မာသံရုံးက အဆင်သင့်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို ကျနော်တို့ မြန်မာအစိုးရဖက်ကို တင်ပြထားပါတယ်"
မြန်မာသံရုံးတာဝန်ရှိသူတစ်ဦးကတော့ ထိုင်းရှေ့နေများကောင်စီရဲ့ ကမ်းလှမ်းချက်ကို မရရှိသေးဘူးလို့ ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ MWRN က ဦးအောင်ကျော်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။