စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကို ဖမ်းဆီးလာတဲ့ အရပ်သား တစ်ရာနီးပါးနဲ့အတူ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။
စီပါရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် လူမရှိတော့တဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖျက်ဆီးနေတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ဝင် မငြိမ်းဆုရည်က ပြောပါတယ်။
“ဓားစာခံ ရာဂဏန်းနီးပါး ပါလာတယ်၊ ဓားစာခံတွေကို ရွာထဲက ကြက်တွေ၊ နွားတွေ ဖမ်းခိုင်းပြီး ရွာထဲက ကျန်တဲ့ ပြည်သူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးနေတယ်”
စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးလာတဲ့သူတွေက ဘယ်ရွာတွေကလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
စီပါရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကြောင်းဟာ စစ်ကောင်စီရဲ့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အားတစ်ရာကျော်ပါတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တချို့က ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
စီပါရွာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီးနောက် ဒေသခံ ခြောက်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ရွာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကနေ ၂ဝရက်နေ့အတွင်း ဘုတလင်မြို့နယ်ထဲက စီပါရွာအပါအဝင် ရပ်ကွက်၊ ကျေးရွာ ၁၇ ခုကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်စီးနင်းပြီး အနည်းဆုံး အရပ်သား ၂၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။