ခြေထောက်မှာ ဗုဒ္ဓပုံနဲ့ စပိန်နိုင်ငံသား ပြည်နှင်ဒဏ်ခံရနိုင်
2016.07.11

နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံမြို့မှာ စပိန်နိုင်ငံံသား ခရီးသွား တစ်ဦးကို ဘာသာရေးမဖွယ်မရာပြုမှုနဲ့ ပြည်နှင်ဒဏ်ပေး ခံရဖွယ် ရှိတယ်လို့သိရပါတယ်။
ဘောင်းတီတိုဝတ်ထားပြီး၊ခြေထောက်မှာ ဗုဒ္ဓရုပ်ပွားပုံတော်ကို ဆေးမင်ထိုးထားတဲ့ စပိန်နိုင်ငံသား တစ်ဦးကို မနေ့က သံဃာတွေက တွေ့ရှိခဲ့လို့ ပုဂံရဲစခန်းကို လာရောက်တိုင်ကြားခဲ့တာကြောင့်၊ ခေါ်ယူ စစ်ဆေး၊ ခေတ္တထိန်းသိမ်းခဲ့ပြီး၊ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနထံ လွဲှပြောင်းပေးလိုက်ကြောင်း ပုဂံရဲစခန်းက ပြောပါတယ်။
အဲဒီစပိန်နိုင်ငံသားကို လဝက က ပြည်နှင်ဒဏ်ပေးနိုင်ကြောင်း ပုဂံရဲစခန်း ဒုရဲအုပ် အောင်လင်းထွဋ်က RFA ကို အခုလိုပြောပါတယ်။
"သူရဲ့ခြေသလုံးနောက်မှာ ဘုရားထိုင်နေတဲ့ပုံပေါ့၊ အဲ့ညတွင်းချင်းပဲ ကျနော်တို့ကားဂိတ်ကနေ ရန်ကုန် လဝက နဲ့ ချိတ်ပြီးတော့မှ သူတို့ကို တစ်ခါတည်းပြန်လွှတ် လိုက်တယ်၊ ကြည့်ရတာ သူတို့ကို ပြည်နှင်ဒဏ်ပေးမယ်နဲ့ တူတယ်"
ရန်ကုန်လေဆိပ်က အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးကလည်း - အဲဒီ စပိန်နိုင်ငံသားဟာ ခရီးသွား တစ်ဦးအနေနဲ့ စည်းမျဉ်းချိုးဖေါက် တာကြောင့်၊ ပြန်နှင်လွှတ်မြှုဖစ်ယ်လို့ ပြောဆိုကြောင်း AFP သတင်း ကဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အရေးယူဆောင်ရွက်တာ ရှိမှာမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနကသာ ဆက်လက်ဆောင်ရွက် မှာဖြစ်ကြောင်း သိရပါတယ်။