လွှတ်တော်မှာ အတည်ပြုခဲ့တာနဲ့ ပတ်သက်ပြီး NDF အမတ် ဦးဘုန်းမြင့်အောင်က ခုလို ပြောပါတယ်။
“အာဆီယံ ၁၀ နိုင်ငံမှာတဲ့ အရင်တုန်းကတော့ ဗမာပြည်တနိုင်ငံကလွဲလို့ ကျန်တဲ့ ၉ နိုင်ငံမှာသာ ပါလီမန်တွေ ရှိတဲ့အတွက် နှစ်စဉ် ညီလာခံ လုပ်တယ်ပေါ့လေ။ အဲဒီတုန်းကတော့ ဗမာပြည်မှာ ပါလီမန် မရှိတဲ့အတွက် သူတို့က လေ့လာသူအဖြစ်ပဲ တက်ခွင့် ရတယ်တဲ့။ အခု ဗမာပြည်မှာ ပါလီမန် ဖြစ်လာပြီ ဆိုတဲ့အတွက် အဲဒီ ပါလီမန်ပေါ့၊ အာဆီယံ ပါလီမန် အမတ်များ ညီလာခံမှာ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဖို့ပေါ့။ အဲဒါ ပြည်ထောင်စု လွှတ်တော် သဘောထားကို ယူပါတယ်။ ယူတော့လည်း လွှတ်တော်က သဘောတူတဲ့အတွက် ကျွန်တော်တို့ အဲဒါမှာ တင်းပြည့် အဖွဲ့ဝင် ဖြစ်သွားပြီပေါ့ဗျာ။”
လွှတ်တော်မှာ မေးမြန်းတဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးတွေက ပြန်လည် ဖြေကြားခဲ့ပေမဲ့ NDF ပါတီက ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းတဲ့ အဆိုနဲ့ RNDP ပါတီက ဒေါက်တာ အေးမောင် တင်သွင်းတဲ့ အဆိုနှစ်ခုလုံး ပြန်လည် ရုပ်သိမ်းပေးခဲ့ရပါတယ်။
ဒေါက်တာမြတ်ဉာဏစိုးက ပြည်ပပြောင်းရွှေ့လုပ်သားတွေအရေး ဆောင်ရွက်ပေးဖို့ ဌာနတခု ဖွင့်လှစ်ပေးရေးအဆိုကို တင်သွင်းတာ ဖြစ်ပြီး ဒေါက်တာ အေးမောင်က ကြက်ငှက် တုပ်ကွေးရောဂါကြောင့် သေဆုံးတဲ့ ကြက်ငှက်များကို နိုင်ငံတော်က နစ်နာကြေးပေးရေး အဆိုကို တင်သွင်းခဲ့တာပါ။
ပြည်ထောင်စု လွှတ်တော်မှာ မနက်ဖြန် အစီအစဉ်မှာ အမေးအဖြေများ မရှိသလို မတ်လ ၃၀ ရက်နေ့မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို ဘာအစီအစဉ်မှ ပေးမထားတဲ့ အတွက် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ရှိနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ယူဆနေကြပါတယ်။