စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်ရွာက နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရ

RFA Burmese
2023.07.09
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်ရွာက နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က မီးရှို့ဖျက်ဆီးခြင်းခံရသည့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံးညင်းဆိပ်ရွာကို တွေ့ရစဉ်။
Screenshot: ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ Video

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၇ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် နှစ်ရာနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရွာထဲက ပြန်ထွက်သွားလို့ ဒေသခံတချို့ ရွာထဲဝင်ကြည့်ချိန်မှာ ရွာမြောက်ဘက်ခြမ်းတစ်ခုလုံး မီးလောင်ကျွမ်းသွားတာကိုတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

"ရွာကို စစ်ကြောင်းတွေ ဝင်လာမယ်ဆိုကတည်းက ကြိုရှောင်ထားကြတော့ လူထိခိုက်တာ၊ ဖမ်းဆီးခံရတာ မရှိပါဘူး။ စစ်ကြောင်းတွေ ပြန်ထွက်သွားတဲ့အချိန် မီးဝင်ငြှိမ်းတော့ နေအိမ် ၁၈၀ ကျော်ကတော့ မီးလောင်သွားတယ်။ တစ်အိမ်လုံး ပြာကျသွားတာလည်းရှိသလို၊ နည်းနည်းပဲလောင်တာလည်း ရှိတယ်။ ရွာရဲ့ မြောက်ဘက်တစ်ကြောလုံး မီးလောင်သွားတာပါ"

ဂုံညင်းဆိပ်ရွာကနေ စစ်ကြောင်းတွေ ပြန်ထွက်သွားပေမယ့် လုံခြုံမှုမရှိတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာမှာပဲ ဆက်နေထိုင်နေတယ်လို့ ဂုံညင်းဆိပ်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဂုံညင်းဆိပ်ရွာကို မီးရှို့ပြီး ပြန်ထွက်သွားတဲ့စစ်ကြောင်းဟာ အနီးအနားက ကင်းရွာမကို ဇူလိုင်လ ၉ ရက် မနက် ၆ နာရီမှာ ဝင်ရောက်စီးနင်းပြီး ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းတွေဝင်လာပြီး နှစ်နာရီအကြာမှာ ကင်းရွာမရဲ့ တောင်ဘက်ခြမ်း နေအိမ်တွေကနေ မီးခိုးလုံးနဲ့ မီးတောက်တွေတက်လာတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အိမ်အများစုက သစ်သားအိမ်တွေဆိုတော့ လေကလည်း အရမ်းတိုက်နေတော့၊ တစ်အိမ်နဲ့တစ်အိမ် မီးတွေ ကူးကုန်တယ်လို့ ပြောလို့ရမယ်။ အခုထိ စစ်ကြောင်းက ရှိနေသေးလို့ မီးဝင်ငြှိမ်းသက်လို့ မရသေးသလို၊ ဘယ်လောက်လောင်သွားတယ် ဆိုတာလည်း အတိအကျ မသိရသေးပါဘူး"

ကင်းရွာမထဲမှာပဲ တောင်ရွာ၊ မြောက်ရွာ နှစ်ရွာခွဲရှိနေပြီး အိမ်ခြေ တစ်ထောင်ကျော်နဲ့ လူဦးရေ လေးထောင်နီးပါး နေထိုင်ကြတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ကင်းရွာမ ဒေသခံတွေ ဇူလိုင်လ ၈ ရက်နေ့ကတည်းက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေကို စစ်ကောင်စီတပ်တွေ စီးနင်းဝင်ရောက်တာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။