အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး
2024.12.09
ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ရွာငါးရွာက အရပ်သား တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အင်အား သုံးရာခန့်ရှိတဲ့ စစ်ကောင်စီတပ်က ဒီနေ့ မနက်မှာ ဝါးဖြူချောင်းရွာနဲ့ ချောင်းစောက်ရွာကို စစ်ကောင်စီ တပ်သားတွေက မီးရှို့နေပြီး ပျက်ဆီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီရွာနှစ်ရွာ အပါအဝင် တံငါကုန်း၊ ကျွဲဖြူမ၊ တောင်ကုန်း၊ ကြို့ကိုးပင်နဲ့ ရွာရှောင်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုတ်ဖိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အခုဆိုရင် အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ်က ရွာတော်တော်များများ တိမ်းရှောင်နေရပါတယ်။ တံငါကုန်းရွာဆိုရင် ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်။ ကျွဲဖြူမရွာဆိုရင် ရွာရဲ့ သုံးပုံနှစ်ပုံက တိမ်းရှောင်နေရတယ်”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ အုတ်ဖိုမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ - ၆ တပ်ကို ကာကွယ်ရေး တပ်ဖွဲ့ဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုတချို့ ရှိတာကြောင့် အခုလို စစ်ကြောင်းထိုး မီးရှို့နေတာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းဂွ (ဂျီ) ရွာက အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန်းခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းကျော် ရှိလာပြီဖြစ်ပါတယ်။