ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနီးအနားက ရွာသားတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ ရွာပြင်ကိုမထွက်ကြဖို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားတယ်လို့ ရွာခံတွေက ပြောပါတယ်။
AA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ အဲဒီရွာထဲမှာရှိနေတယ်ဆိုပြီး ဖော်ထုတ်ပေးဖို့ ရွာသားတွေကို ဖိအားပေးနေ တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
"သူတို့ကအခု ဘုန်းကြီးကျောင်းမှာနေပါတယ်၊ ဘုန်းကြီးကျောင်းမှာနေတော့ AA အဖွဲ့ကို ရွာသားတွေက ထုတ်ပေး ထုတ်မပေးဘူးဆိုရင် ဒီရွာကိုရှင်းမယ်ဆိုပြီးတော့ ရွာသားတွေကို သူတို့က ခြိမ်းခြောက်တာတွေ ရှိပါတယ်၊ ဒီရွာကို လက်နက်ကြီးတွေနဲ့ပစ်မယ်လို့ ပြောပါတယ်၊ ရွာသားတွေက ဘာမှတော့ပြန်မပြော ရဲဘူးပေ့ါ၊ အကုန်လုံး ကြောက်နေကြပါတယ်၊ သူတို့ညကျရင် လူမှားပြီးပစ်ရင် ခင်ဗျားတို့နာမယ် အဲ့လိုပြောပြီးတော့ အပြင်ကိုလည်း မထွက်ရလို့ကြားပါတယ်၊ ည ၆ နာရီကနေ မနက် ၆ နာရီအထိပေါ့"
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အမှတ်-၅၅၁ တပ်မတော်တပ်ရင်းတို့က နွားရုံတောင်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ရွာခံတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
နွားရုံတောင်ကျေးရွာက မူလတန်းလွန်ကျောင်းကိုလည်း ပြီးခဲတဲ့ သောကြာနေ့ကစပြီး ပိတ်ထားပါတယ်။
နွားရုံတောင် ဘုန်းကြီးကျောင်းက ဆရာတော် ဦးအိန္ဒာဝံသကို RFA ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။