ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်း နှစ်ကြိမ်ကြေညာပေးမည်

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာက မဲပေးခွင့်ရှိသူစာရင်းတွေ ကို ရွေးကောက်ပွဲ မတိုင်ခင် နှစ်ကြိမ် ကြေညာပေးသွားမယ်လို့ သိရပါတယ်။

ဇွန်လကုန် ဇူလိုင်လဆန်းလောက်မှာ တစ်ကြိမ် သြဂုတ်လလောက်မှာ တစ်ကြိမ် ကြေညာပေးသွား မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောပါတယ်။

" ၅ ပတ် ကျနော်တို့ လုပ်ထားတာလေ၊ ပြီးရင်တော့ ကျွန်တော်တို့ ပြန်လည်စိစစ်ပြီးတော့ ဇွန်လကုန်၊ ဇူလိုင်လဆန်းလောက် တစ်ကြိမ်ပေါ့နော်၊ သြဂုတ်လလောက် တစ်ကြိမ်၊ ၂ ကြိမ် အဲလိုတော့ လျာထားတယ်၊ ရက်တော့မသိသေးဘူး၊ ၂ ကြိမ် အခွင့်အရေးပေးမှာပေါ့နော်၊ ၂ ကြိမ်ပြီးရင်တော့ အပြီးကပ်လိုက်တော့မယ်။"

လစ်လပ်မဲဆန္ဒနယ်တွေထဲက တချို့နေရာတွေမှာ မဲပေးခွင့်ရှိသူစာရင်းတွေ ပြုစုနေတာ ပြီးသလောက် ရှိနေပြီဖြစ်ပေမယ့် မဲပေးခွင့်ရှိသူ ၂ သိန်းကျော်ရှိတဲ့ မြင်းခြံမဲဆန္ဒနယ်ကတော့ ကြန့်ကြာနိုင်တယ်လို့ လည်း ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ပြုစုထားတဲ့စာရင်းအရ အခုလစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ မဲဆန္ဒရှင် ၈ သိန်းကျော်ရှိတာဖြစ်ပြီး အဲဒီအပေါ်မှာ ပြန်လည်စိစစ်နေတာဖြစ်တယ်လို့ ဦးမြင့်နိုင် က ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ နုတ်ထွက်သွားတာတွေ၊ ကွယ်လွန်တာတွေ၊ ပြည်ထောင်စုအဆင့်မှာ အစိုးရတာဝန်ပေးအပ်ခံရတာတွေ စတဲ့ အခြေအနေတွေကြောင့် ကိုယ်စားလှယ် လစ်လပ်သွားတဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာပါ။

အန်အယ်လ်ဒီအစိုးရလက်ထက်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ်ကျင်းပခဲ့ပြီး ဖြစ်တာကြောင့် ဒီတစ်ကြိမ်က ဒုတိယအကြိမ် ကျင်းပမှာဖြစ်ပါတယ်။