မြန်မာအပါအဝင် နိုင်ငံတချို့ကို အရေးယူပိတ်ဆို့မှု ကမ္ဘောဒီးယား ဆန့်ကျင်
2024.10.01

Updated 11:32 AM, Oct 2, 2024
မြန်မာအပါအဝင် နိုင်ငံတချို့အပေါ် တစ်ဖက်သတ် အကျပ်ကိုင် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကြောင်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် Chenda Sophea Sok က ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောပါတယ်။
ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခနဲ့ မြန်မာ့အရေးကိစ္စ ပြောကြားချက်ထဲက နောက်ဆုံးအချက်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ကန့်ကွက်ကြောင်း ကုလညီလာခံအတွင်း ပြောတဲ့မိန့်ခွန်းမှာ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့တာပါ။
ဒဏ်ခတ်အရေးယူမှုနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ပစ်မှတ်ထားခံရတဲ့နိုင်ငံတွေက သာမန်အရပ်သား ပြည်သူတွေအပေါ် ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပေါ်မှာလည်း အလွန်အမင်း စိုးရိမ်မိပြီး ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် အဓိကအခြေခံအဖြစ် လက်ခံထားကြောင်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်က ပြောပါတယ်။
တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် အကူအညီဖြစ်စေမဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာဖို့ အရေးကြီးကြောင်း အလေးထား ပြောကြားလိုတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေးအတွက် မြန်မာ့အရေးနဲ့ မြန်မာက ဦးဆောင်တဲ့ နိုင်ငံရေးဖြစ်စဥ်အတွက် လိုအပ်ချက်ကို အလေးထား ပြောကြားလိုတယ်လို့လည်း ဖော်ပြပါတယ်။
အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်ရေးအတွက် ထောက်ပံ့ကူညီဖို့ ဦးဆောင်ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သင့်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတွေကတော့ ဘာမှပြောဆိုခဲ့တာ မရှိပါဘူး။
ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေကတော့ အာဆီယံ ဘုံသဘောတူညီချက်ကို ကိုင်စွဲသွားမဲ့အကြောင်း ပြောကြားခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ တခြားအာဆီယံနိုင်ငံတွေထက် ပိုပြီး နီးကပ်တဲ့ဆက်ဆံရေး ရှိနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးဆိုင်ရာ လုပ်ငန်းလုပ်ဆောင်ချက်အားလုံးကို ထည့်သွင်းစဥ်းစားဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်ဖို့လိုတယ်လို့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပြောထားပါတယ်။