မြန်မာ့အရေး ဆက်ဆောင်ရွက်ဖို့ ဂျပန်ကိုယ်စားလှယ်ကို ကမ္ဘောဒီးယား တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ ကြိုးပမ်းအားထုတ်မှုတွေအတွက် အာဆီယံရဲ့ အထူးသံအဖြစ် ခန့်အပ်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးပရက်ဆွတ်ဟွန်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဂျပန်နိုင်ငံ အထူးသံတမန် ယိုရှီဆာဆာကာဝါနဲ့ တွေ့ဆုံရာမှာ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ဖနွမ်းပင်ပို့စ်သတင်းမှာ မတ်လ ၈ရက်နေ့က ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဆာဆာကာဝါနဲ့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ဖနွမ်းပင်မြို့ငြိမ်းချမ်းရေး နန်းတော်မှာ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကိုလည်း မစ္စတာဆာဆာကာဝါက ထောက်ခံကြောင်း မတ်လ ၇ ရက်က ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မစ္စတာဆာဆာကာဝါဟာ မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အကြား ပြေလည်မှုတွေရှိအောင် ကြိုးပမ်းနေတဲ့သူလည်းဖြစ်ပါတယ်။

အာဆီယံရဲ့အလှည့်ကျ ဥက္ကဋ္ဌအနေနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့နဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မစ္စတာဆာဆာကာဝါက အားပေးကူညီဖို့ တိုက်တွန်းခဲ့တယ်လို့ ဖေ့စ်ဘွတ်ပို့စ်မှာ ဖော်ပြထားပါတယ်။