လွိုင်ကော်မှာ အရပ်သားကား မိုင်းထိလို့ လေးဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်

RFA Burmese
2023.02.06
Share on WhatsApp
Share on WhatsApp
လွိုင်ကော်မှာ အရပ်သားကား မိုင်းထိလို့ လေးဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့လမ်းပိုင်းတွင် မိုင်းထိလူနာများအား ပရဟိတအသင်းမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က သယ်ဆောင်ခဲ့စဉ်။
ရွှေလွိုင်ကော် ပရဟိတအသင်း

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့လမ်းပိုင်း၊ ဇရပ်ဖြူရွာအနီးမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အိမ်စီးကားတစ်စီး မိုင်းထိတာကြောင့် လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးခဲ့တဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။

သူတို့ဟာ တခြားတိုင်းနဲ့ပြည်နယ်ကနေ အလုပ်လာလုပ်တဲ့ လူလတ်ပိုင်း အမျိုးသားတွေဖြစ်ပြီး လွိုင်ကော်ကနေ မော်ချီးဒေသကို အလုပ်လုပ်ဖို့သွားချိန်မှာ ကားမိုင်းထိတာလို့ သေဆုံး၊ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တဲ့ ရွှေလွိုင်ကော် ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကားက အိမ်စီးကား အဖြူရောင်ဗျ။ မိုင်းထိတာ တစ်စစီဖြစ်သွားတာ။ လေးဦး သေသွားတယ်ဗျ။ နှစ်ဦးက ဒဏ်ရာပြင်းထန်တယ်။ အစပိုင်း တစ်ယောက် ပျောက်နေတော့ သုံးဦးပဲ သေတယ်ထင်တာ၊ နောက်မှ လေးယောက်မှန်းသိတာ။ ကျနော်တို့ လွိုင်ကော်ဆေးရုံကို ပို့လိုက်တယ်”

အဲဒီလမ်းပိုင်းဟာ စစ်ရေးအခြေအနေအရ ပိတ်ထားခဲ့ပြီးနောက် ပြန်ဖွင့်တာမကြာ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းလဲဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စအတွက် စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇရပ်ဖြူရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။