မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအဖွဲ့ ၅ နှစ်ပြည့်

ရန်ကုန်တိုင်း တွံတေးမြို့အခြေစိုက် Care for Children မိဘမဲ့ကလေးများ ကူညီစောင့်ရှောက်ရေး (C.F.C) လူငယ် အဖွဲ့က အဖွဲ့ ထူထောင်ခြင်း (၅) နှစ်မြောက်အတွက် တွံတေး၊ မင်္ဂလာ ပရဟိတ ဘုန်းတော်ကြီးကျောင်းက မိဘမဲ့ ကလေး (၄၀၀) ကျော်ကို အစားအသောက် အဝတ်အထည်နဲ့ ပညာရေးပစ္စည်းတွေ ဒီကနေ့မှာ လှူဒါန်းလိုက်ပါတယ်။

လှူဒါန်းတဲ့ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်သလို၊ အဖြူရောင်တွဲလက်များအဖွဲ့နဲ့ အခြား ပရဟိတ NGO အဖွဲ့တွေ စေတနာ့ဝန်ထမ်း လူငယ်တွေပါ တက်ရောက်ခဲ့ပါတယ်။ Care for Children အဖွဲ့အနေနဲ့ ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်ပြီး အခုလို အကူအညီ ပေးနေတာ ဖြစ်ကြောင်း အဲဒီအဖွဲ့မှာ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးနေတဲ့ မခင်လေးက ပြောပါတယ်။ "Care for Children ဆိုတာ တွံတေးက လူငယ်တွေပဲ စုထားတဲ့ အဖွဲ့လေးပေါ့။ လူငယ်တွေပဲ ပိုက်ဆံလေးတွေ စုကြတယ်၊ တယောက်ကို တစ်ထောင်ဖြစ်ဖြစ် တတ်နိုင်သလောက် ထည့်တာပေါ့နော်။ ပြီးတော့ တစ်နှစ်တစ်ခါ ပရဟိတကျောင်းက ကလေးတွေကို အစားအသောက်၊ အဝတ်အစား၊ လိုတာလေးတွေ လှူတာပေါ့နော်။ တစ်နှစ်တစ်ခါ ပုံမှန်လုပ်တယ်။ ၅ နှစ်မြောက်အခမ်းအနားကို မင်္ဂလာ ပရဟိတ စာသင်တိုက်မှာ လုပ်တာ။" Care for Children အဖွဲ့ဟာ စာကြည့်တိုက်ငယ်လေးတွေ ဖွင့်လှစ်ပေးတာ၊ စိတ်ဝင်စားတဲ့ ဒေသတွေမှာ စာဖတ်ဝိုင်းတွေ သွားရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။