လူမှုကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှုအများဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင့် ၃ နေရာမှာ ရှိနေတယ်လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လူသားချင်းစာနာမှု ထောက်ပံ့ ကူညီရေး NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CARE International က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကမ္ဘာမှာ လူမှုကယ်ဆယ်ရေး အလုပ်သမားတွေ သေဆုံးမှုအများဆုံးနိုင်ငံကတော့ တောင်ဆူဒန် ဖြစ်ပြီး ဒုတိယနေရာမှာ အာဖဂန်နစ္စတန်နိုင်ငံက ရပ်တည်နေပါတယ်။
အခုနှစ်စကနေပြီး ကမ္ဘာတစ်ဝန်း လူမှုကယ်ဆယ်ရေးအလုပ်သမား ၄၄ ဦး သေဆုံးခဲ့ပြီး တောင်ဆူဒန်မှာ ၁၁ ဦး၊ အာဖဂန်မှာ ရှစ်ဦးနဲ့ မြန်မာနိုင်ငံမှာ ခုနစ်ဦးတို့ ဖြစ်ပါတယ်။
မြန်မာအပါအဝင် လူမှုကယ်ဆယ်ရေးအလုပ်သမားတွေ သေဆုံးမှုအများဆုံး သုံးနိုင်ငံဟာ အရပ်သားပြည်သူတွေအတွက်လည်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့ နိုင်ငံတွေလို့ ဆိုပါတယ်။
ဒီသုံးနိုင်ငံမှာ လူ သန်း ၄၀ လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ CARE International အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူမှုကယ်ဆယ်ရေးအလုပ်သမားတွေ အကာအကွယ်ရရှိဖို့၊ လူသားချင်းစာနာမှု ထောက်ပံ့ ကူညီရေး အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်နိုင်ဖို့ တွေက အရေးကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ CARE International ညွှန်ကြားရေးမှူး Nate Rabe က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ တစ်သန်းအပြင် ငတ်မွတ် ခေါင်းပါးမှုဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေဟာလည်း ၁၃ သန်းကျော် ရှိနေတယ်လို့ CARE International က ပြောပါတယ်။