မီဇိုရမ်က လူငယ်နှစ်ဦးကို CDF က ဖမ်းဆီးနှိပ်စက်ကြောင်း အိန္ဒိယမဂ္ဂဇင်း ဖော်ပြ

RFA Burmese
2024.09.09
မီဇိုရမ်က လူငယ်နှစ်ဦးကို CDF က ဖမ်းဆီးနှိပ်စက်ကြောင်း အိန္ဒိယမဂ္ဂဇင်း ဖော်ပြ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ဒေသခံ လူငယ်နှစ်ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-ဟွာလ်းငိုရမ် (CDF – Hualngoram) က သီတင်းတစ်ပတ်ခန့် ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Outlook သတင်း မဂ္ဂဇင်းက စက်တင်ဘာလ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ဇိုခေါထာရ်က အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် လူငယ်နှစ်ဦးဟာ နှစ်နိုင်ငံနယ်စပ်ကတစ်ဆင့် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ဖြတ်သန်းချိန် CDF အဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ချင်းပြည်နယ်ရဲ့ အထင်ကရ ရိဒ်ရေကန်ကို ဆိုင်ကယ်နှစ်စီးနဲ့ သူငယ်ချင်းငါးဦး အလည်အပတ်လာချိန်မှာ အခုလိုအဖမ်းခံရတာဖြစ်ပြီး ကျန်တဲ့ သူငယ်ချင်းသုံးဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကျန်ဖမ်းမိတဲ့ နှစ်ဦးကိုတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့က ဆံပင်ရိတ်တာ၊ ဆေးလိပ်မီးနဲ့တို့တာ အပါအဝင် နှိပ်စက်ညှဉ်းပန်းတာတွေလုပ်ခဲ့ပြီး လူငယ်တစ်ဦးရဲ့ ရှေ့သွားတစ်ချောင်းလည်း ကျိုးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ အရာရှိတစ်ဦးကတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ စကားများခဲ့တာကြောင့် အဲဒီလူငယ်နှစ်ဦးဟာ ဖမ်းဆီးနှိပ်စက်ခံရတာလို့ပြောကြောင်း The Outlook က ဖော်ပြပါတယ်။

အဲဒီလူငယ်နှစ်ဦးကို သီတင်းတစ်ပတ်ခန့်အကြာမှာတော့ ဇိုခေါထာရ်မြို့က ကျေးရွာကောင်စီအပါအဝင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးနောက်မှာ CDF အဖွဲ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံနယ်စပ်မှာနေထိုင်တဲ့ ဒေသခံတွေရဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတစ်ဦးက RFA ကိုပြောပါတယ်။

"အိန္ဒိယနိုင်ငံသား၊ မီဇိုချင်းတွေပဲ နှစ်ယောက်စလုံးကလေ။ အပြန်အလှန် ‌သွားလာနေထိုင်ကြနေတာပဲ။ အခုလို ဖမ်းဆီးတာမကောင်းဘူးပေါ့။ အခုလည်း ပြန်လွှတ်တာတောင် နှိပ်စက်လိုက်တယ်လေ"

ဒီကိစ္စနဲ့ပတ်သက်ပြီး CDF – Hualngoram အဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ လက်နက်ကိုင်အဖွဲ့အစည်းအဝေးတွေ လှုပ်ရှားစိုးမိုးမှုရှိနေတာနဲ့ ဒေသခံတွေအပေါ်ရိုက်ခတ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ် စိုးရိမ်မှုရှိနေတယ်လို့ The Outlook က ဖော်ပြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တခြားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ သုံးဆယ်ကျော်ရှိနေတာက ဒေသတွင်း တည်ငြိမ်အေးချမ်းလုံခြုံရေးအတွက် စိန်ခေါ် မှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေတာဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ချင်းပြည်နယ်၊ ရိခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ်-ဇိုခေါထာရ် ဂိတ်တံတားဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာပါတယ်။

လွတ်လပ်စွာ နယ်စပ်ဖြတ်သန်းသွားလာခွင့် Free Movement Regime ကိုလည်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းဖို့ တရား၀င်ကြေညာထားပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရကတော့ ကန့်ကွက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။