အာဏာသိမ်း စစ်ကောင်စီက အာဏာရေးဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာ မတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ဆက်တိုက်ဖိအားပေးနေရာကနေ၊ အခု မေလထဲမှာတော့ တစ်နိုင်ငံလုံး က အခြေခံပညာ CDM ဝန်ထမ်း တစ်သိန်းနှစ်သောင်းကျော်ကို အလုပ်ရပ်နားလိုက်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
“ဝန်ထမ်းအငယ်လေးတွေဆိုရင် ကျနော်တို့ လစာ တစ်သိန်းတောင် မပြည့်တဲ့သူတွေကို တစ်သိန်းနှစ်သိန်း ပေးခဲ့တာတွေလည်းရှိပါတယ်၊ ဒါက စီဒီအမ် စစချင်းမှာ အနီးအနားကလူတွေရော အဝေးကလူတွေရော ဝိုင်းဝန်းထောက်ပံ့ကြတာဗျာ၊ အခုလည်း ထောက်ပံ့တဲ့အစီအစဥ်တွေ Support လုပ်တဲ့အစီအစဥ်တွေ ပေါ့ဗျာ၊ အမှန်ကတော့ သူတို့က ထောက်ပံ့ကြေးလိုချင်တာ မဟုတ်ဘူးဗျ၊ တချို့ဆရာဆရာမတွေဆိုရင် ထောက်ပံ့ကြေးကြောင့် ထောက်ပံ့ကြေးယူဖို့ သူတို့လုပ်နေတာ မဟုတ်ဘူး၊ သူတို့လုပ်နေတာက တော်လှန်ရေးလုပ်နေတာ၊ အဲဒီလိုစိတ်ဓါတ်နဲ့ သူတို့လုပ်နေတာဖြစ်တဲ့အတွက် တကယ်ကို ဂုဏ်ယူဖို့ ကောင်းသလို၊ တကယ်ကို ကျနော်တို့ လေးစားဖို့ကောင်းတယ်၊ ကျနော်တို့ NUG ကတော့ စီဒီအမ် ထောက်ပံ့ရေးကို တကယ့်ကို ဦးစားပေးပြီး ဆောင်ရွက်နေတယ်၊ အဲတော့ NUG က ဘယ်လို ဆုံးဖြတ် ထားလဲဆိုတော့ ကျနော်တို့ တစ်ကျပ်ရရင် တစ်ကျပ် ပြည်သူကိုပေးမှာ၊ တစ်ဆယ်ရရင် တစ်ဆယ်ပေးမှာ၊ တစ်ရာရရင် တစ်ရပေးမှာ၊ NUG က အဲလို ဆုံးဖြတ်ထားပြီးသား။”
RFA က လက်ခံရရှိထားတဲ့ စာရင်းတွေအရ ပဲခူးတိုင်းထဲက ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်နှစ်ခုမှာတင် မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပြ ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်ကြီးတွေ အပါအဝင် စုစုပေါင်း အခြေခံပညာရေး ဝန်ထမ်း ၁၀၃၀ ယောက်တိတိ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။
ဒါဟာ ပဲခူးတိုင်း မြို့နယ် ၂ ခုက အခြေအနေသာဖြစ်ပြီး၊ မြန်မာတစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတာမို့ စုစုပေါင်းအလုပ်ထုတ်ခံရတဲ့ အခြေခံပညာရေး ဝန်ထမ်းအရေအတွက်ဟာ တစ်သိန်းကျော်ရှိတယ်လို့လည်း “မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဦးဆောင်ဖွင့်လှစ်မယ့် ကျွန်ပညာရေးစနစ် ယန္တရားမလည်ပတ်နိုင်အောင် လုပ်ဆောင်ရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်နိုင်တဲ့အတွက်၊ အလုပ်ထုတ်ခံရတာကိုတောင် ဂုဏ်ယူတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဒုအလယ်တန်းပြ ဆရာတစ်ဦးက ပြောပါတယ်။
“တာဝန်ရပ်ဆိုင်းခံလိုက်ရတဲ့ ဆရာတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ဂုဏ်ယူတယ်လို့ပဲ ပြောရမယ်။ ဘာလို့လဲဆိုရင် သူတို့ဦးဆောင်ဖွင့်မယ့် ကျွန်ပညာရေးစနစ်ကို ခွင့်မပြုနိုင်ဘူး။ အသက်သွင်း မခံနိုင်ဘူး။ သူတို့က ကျွန်တော်တို့ကို တာဝန်က ရပ်ဆိုင်းလိုက်တယ်။ ကျွန်တော်တို့ သူတို့ ယန္တရားလည်ပတ်လို့ မရအောင် ပညာရေး ဝန်ထမ်းတွေအားလုံးက အခက်အခဲမျိုးစုံကြားက CDM လုပ်ပြီးတော့ သူတို့ရဲ့ ယန္တရားကို ရပ်တန့်သွားအောင်လုပ်တာ။ အဲအတွက်ကြောင့် အခုလို တာဝန်က ရပ်ဆိုင်းတဲ့ထဲမှာ ပါလာတဲ့အတွက် ဝမ်းသာတယ်။ အပြီးထုတ်လိုက်တယ်ဆိုရင်တောင် အဆုံးထိသွားမှာ“
တစ်နိုင်ငံလုံးမှာ ပညာရေးဝန်ထမ်း ၄ သိန်းကျော်ရှိပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ CDM မှာ ပါဝင်သူ ၃ သိန်းကျော်လောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိအားပေးတာေကြောင့် ဝန်ထမ်း ၂ သိန်းကျော်လောက်က CDM ကနေ နုတ်ထွက်မယ့်အကြောင်း ဝန်ခံကတိ လက်မှတ်တွေ ရေးထိုးခဲ့ရတယ်လို့လည်း “မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ်” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီအထဲက CDM မပျက်အောင် ဆက်လက်တောင့်ခံနေခဲ့တဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ခြေခံပညာရေး ဝန်ထမ်း တစ်သိန်းနှစ်သောင်းကို စစ်ကောင်စီက အလုပ်ကနေ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အလိုက် ပညာရေးမှူးတွေက လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ အသီးသီး အမိန့်ထုတ်ပြန်လိုက်တာလို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီက ဇွန်လအတွင်း ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေပြီး၊ အခုအလုပ်ထုတ်ခံရတဲ့ CDM ဆရာ၊ ဆရာမတွေရဲ့နေရာမှာ ဆယ်တန်းအောင်၊ ဘွဲ့ရ နေ့စား ဆရာ၊ ဆရာမတွေကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေ တယ်လို့လည်း ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ဆရာ၊ ဆရာမတွေက RFA ကို ပြောပြကြပါတယ်။
စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်နေချိန်မှာ၊ လုပ်သက်ရင့်ကျွမ်းကျင် ဆရာ၊ ဆရာမတွေကို အလုပ်ဖြုတ်လိုက်ပြီး၊ သင်ကြားရေး အတွေ့အကြုံ လုံးဝမရှိသူတွေနဲ့ အစားထိုးဖို့လုပ်နေတာဟာ ကလေး တွေရဲ့ပညာရေးကို နိမ့်ကျစေနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးမြို့က လက်ထောက်အလယ် တန်းပြ ဆရာမ တစ်ဦးက ပြောပါတယ်။
“စာသင်တတ်ရုံနဲ့ မရဘူး။ ဟိုအရင်ကလိုပဲ ဒါသင်ဒါကျက်ဆိုတဲ့ ခေတ်ကြီးကို ပြန်ရောက်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အခုဆွဲခန့်တွေက ရက်တိုသင်တန်းတွေ ပေးမှာဖြစ်တဲ့အတွက် ဒါမထိရောက်တဲ့အတွက် ကလေးတွေကို ပေးချင်တဲ့ အကြောင်းအရာ ပညာတွေကို ထိထိရောက်ရောက် ပေးနိုင်မယ်မှာ မဟုတ်ဘူး။ ပညာရေးက ကောင်းတဲ့ဖက်ကို ဦးတည်လာမှာ မဟုတ်ဘူး။ ကလေးတွေရဲ့ ပညာရေးက အရမ်းကို နိမ့်ကျ သွားမယ်။ စနစ်သစ်ပညာရေးကလည်း အကောင်အထည်ဖော်နေတဲ့အတွက် ဒီအကောာင်အထည်ဖော်တဲ့ အလုပ်က လုံးဝကို ဆက်ပြီးအကောင်အထည်ဖော်နိုင်မှာ မဟုတ်တော့ဘူး။ ကလေးတွေရဲ့ အနာဂတ်က လုံးဝကို နိမ့်ကျသွားမယ်လို့ ထင်ပါတယ်“
စစ်ကောင်စီဟာ ပဲခူးမြို့နယ်တစ်ခုတည်းမှာတင် CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ပညာရေးဝန်ထမ်း ၆၈၀ တိတိကို အလုပ်ထုတ်လိုက်တာပါ။
ပုံမှန်အနေအထားမှာတောင် ပညာရေးဝန်ထမ်း လုံလောက်မှုမရှိချိန်မှာ၊ လက်ရှိပညာရေးဝန်ထမ်း အင်အားနဲ့ ကျောင်းပြန်ဖွင့်လိုက်ရင် ဆိုးကျိုးများတဲ့ ပညာရေးစနစ်ကြီးပဲ ဖြစ်လာလိမ့်မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံ ပညာဆရာ၊ ဆရာမများသမဂ္ဂ အဖွဲ့ချုပ်ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလိုအခြေအနေမျိုးမှာ ကျောင်းပြန်ဖွင့်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နဂိုအချိန်မှာ တောင် နိုင်ငံထဲမှာရှိတဲ့ ကျောင်းတိုင်း ကျောင်းတိုင်းမှာ ဆရာ၊ ဆရာမအင်အား လုံလောက်အောင် မပေးနိုင်ဘူးလေ။ ဒီလိုမပေးနိုင်တဲ့အပြင်ကို အခု CDM လုပ်တဲ့ ဝန်ထမ်းတွေနေရာကို နေ့စားပုံစံမျိုးနဲ့ အပြင်ကနေ အတွေ့အကြုံမရှိ သင်တန်းမရှိတဲ့သူတွေကိုခန့်ပြီး ဆွဲခေါ်တာက အဓိကတော့ သူတို့ရဲ့ ယန္တရားတစ်ခုအတွက်ပဲ ဦးတည်လိုက်တာ။ မြန်မာနိုင်ငံ ပြည်သူတွေလည်း အေးချမ်းသွားပြီ။ ကျောင်း တွေလည်း ပြန်ဖွင့်ပြီဆိုတဲ့ ခေါင်းစဉ်တစ်ခုပဲ သုံးချင်တာ။ တကယ့်ကို ဆရာ၊ ဆရာမတွေ စုံစုံလင်လင် မရှိဘဲနဲ့ အတွေ့အကြုံဘာမှမရှိတဲ့ ပြင်ပလူတွေနဲ့ ဆွဲထည့်ပြီးတော့ လည်ပတ်ဖို့ဆိုတာက ကလေးတွေ ရဲ့ဘဝကို သတ်ပစ်လိုက်တဲ့ ပုံစံမျိုးဖြစ်သွားနိုင်တယ်”
တနင်္သာရီတိုင်း၊ ကော့သောင်မြို့က အမည်မဖော်လိုတဲ့ မူလတန်းပြဆရာမတစ်ဦးကတော့ CDM ကြောင့် အလုပ်ပြုတ်သွားတာမို့ ရေရှည်မှာ စားဝတ်နေရေး အခက်တွေ့နိုင်တယ်၊ လောလောဆယ်တော့ သူတို့ကို ဘယ်သူကမှ ကူညီနိုင်တာ မရှိသေးဘူးလို့ ပြောပါတယ်။
“ကျမတို့ဆီမှာတော့ ထောက်ပံ့မှုက အခုထက်ထိ ဘာမှမရှိသေးပါဘူးရှင့်၊ ဒါ့ကြောင့် တချို့ဆရာ၊ ဆရာမတွေ ဆိုရင်လည်း တောင့်ခံဖို့အတွက် ပင်ပန်းနေတဲ့ ဆရာ၊ ဆရာမတွေ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ထောက်ပံ့ပေးရင် ပိုကောင်းတာပေါ့ရှင့်”
ကော့သောင်းမြို့မှာ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀၀၀ ကျော်ရှိတဲ့အနက်၊ လက်ရှိမှာ CDM ဆက်လုပ်နေသူ ၅၈၃ ဦး ကျန်နေသေးတယ်လို့လည်း သူက ဆိုပါတယ်။
CDM ဆရာ၊ ဆရာမတွေဟာ တစ်ဘက်မှာ စားဝတ်နေရေး အခက်တွေ့နေသလို တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ ကျောင်းပြန်တက်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးတာကို ရင်ဆိုင်နေရတယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းအပ်လက်ခံမယ့် မေလ ၂၄ ရက်နေ့မှာ ဆရာ၊ ဆရာမအားလုံး ကျောင်းတက်ကြဖို့နဲ့၊ ကျောင်းမတက်ရင် ဖမ်းဝရမ်းထုတ်မယ်လို့ ကျောင်းအုပ်တွေကတဆင့် CDM ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ကော့သောင်းမြို့က ဆရာမက ဖြည့်စွက်ပြောပြသွားပါတယ်။
ပဲခူးတိုင်း အရှေ့ခြမ်း ဒိုက်ဦးမြို့မှာဆိုရင် မေလ ၁၆ ရက်ညက၊ CDM လုပ်နေတဲ့ ကျောင်းဆရာမ နှစ်ဦးကို နယ်မြေခံ ရဲနဲ့ စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒိုက်ဦးမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ ဆရာမတွေကို ဝင်ဖမ်းခဲ့တာပါ။ အဲဒီထဲက ဆရာမ တစ်ဦးကိုတော့ ကျောင်းပြန်တက်မယ့်အကြောင်း အဓမ္မဝန်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တစ်ဦးကိုတော့ ဆက်ဖမ်းထားတယ်လို့ ဒိုက်ဦးမြို့ခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နိုင်ငံတကာ အကူအညီတွေကို စုဆောင်းပြီးတဲ့နောက် CDM ဆရာ၊ ဆရာမတွေကို လက်တွေ့ထိရောက်အောင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။
ဒေါက်တာ ဇော်ဝေစိုးကတော့ ရက်စက်ကြမ်းကြုတ်လေ့ရှိတဲ့ စစ်ကောင်စီဟာ လုပ်သက်ရင့် ပညာတတ် ဆရာ၊ ဆရာမ တစ်သိန်းကျော်ကို အခုလို အလုပ်ဖြုတ်လိုက်တဲ့အပေါ် သူမအံ့ဩဘူးလို့လည်း ဆိုပါတယ်။
အခု CDM ဆက်လုပ်နေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ အာဏာရှင်ဖီဆန်ရေးကို ဆက်လုပ်လိမ့်မယ်လို့ သူမျှော်လင့်တယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် ဇွန်လ ၁ ရက်နေ့ဟာ တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေ စာသင်နှစ်သစ် တစ်နှစ်ကို စတင်ဖွင့်လှစ်တဲ့အချိန် ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက လာမယ့် ဇွန်လဆန်းမှာ မူလတန်း၊ အလယ်တန်းကျောင်းတွေ ပြန်ဖွင့်သွားဖို့ စီစဉ်နေပေမယ့်၊ ကျောင်းသားမိဘတွေနဲ့ ပြည်သူအများစုကတော့ စစ်ကောင်စီက ဖွင့်လှစ်သင်ကြားပေးမယ့် ပညာရေးစနစ်ကို ရှုတ်ချနေပြီး မိဘတွေအနေနဲ့ သားသမီးကို ကျောင်းမအပ်ကြဖို့ တိုက်တွန်းနေကြပါတယ်။