CDM လှုပ်ရှားမှုမှာ ပါဝင်သူအချို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ
2021.05.24
ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ခိုးဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ဖမ်းဆီးခံရမှုတွေ ရှိနေဆဲ ဖြစ်ပြီး အခု ဖမ်းဆီးခံရမှုထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး DCM လှုပ်ရှားမှုမှာ ပါဝင်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ပါဝင်လာတယ်လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
မေလ ၂၃ ရက်နေ့ တုန်းက ရှမ်းပြည်နယ် အရှေပိုင်း တာချီလိတ်မြို့ဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးဟာ ချင်းရိုင်ခရိုင်အတွင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီး အဲဒီအထဲမှာ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေနဲ့ CDM လုပ်သူတွေလည်း ပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာတွေရဲ့အရေး ကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။ စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်မှုတွေ ခံရမှာစိုးလို့ ဒီလူတွေကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဘက်က ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“မနေ့က မေလ ၂၃ ရက်နေ့ တာချီလိတ် မယ်ဆိုင်လမ်းအတိုင်းပဲ။ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက် ချင်းရိုင်ခရိုင် မဲ့ကျန်းမြို့ နယ် ဧရိယာထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတယ်။ ထူးထူးခြားခြား မြန်မာနိုင်ငံမှာ CDM လှုပ်ရှားမှုတွေမှာ ပါဝင်လာတဲ့ လူတွေ၊ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်တွေ၊ အနုပညာအသိုင်းအဝိုင်းက လူတွေ၊ နောက် ဝန်ထမ်းတွေ၊ တိမ်းရှောင်လာတာဖြစ်တဲ့အတွက် သူတို့ကို မိခင်နိုင်ငံကို ပြန်မပို့ဖို့တော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းအစိုးရကို ပန်ကြားထားတာရှိတာတော့ ရှိတာပေါ့”
မေလ ၂၂ ရက်နေ့ကလည်း ချင်းမိုင်ခရိုင်အတွင်း တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၈၁ ဦး ဖမ်းဆီးခံခဲ့ရတဲ့ထဲမှာလည်း CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေ အနည်းငယ် ပါဝင်လာပြီ ဖြစ်လို့ ထိုင်းအစိုးရအနေနဲ့ သူတို့တွေကို တစုံတရာ လူသားချင်း စာနာထောက်ထားမှု ပေးနိုင်တယ်လို့ သူက ပြောပါတယ်။ မေလ ၂၂ ရက်နေ့လည်း ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရပါတယ်။ ဧပြီလနဲ့ မေလအတွင်း ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၇၀၀ လောက် ရှိနေပြီလို့ ဦးမိုးကြိုးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတင်းမာမှုတွေကြီးမားလာ နေပြီး စီးပွားရေးနဲ့ လုံခြုံရေးအရပါ စိုးရိမ်စရာအခြေအနေတွေ တနေ့တခြား များလာနေလို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်လာသူတွေက နေ့စဉ်ရှိနေပါတယ်။ ကိုဗစ်19 ကပ်ရောဂါကြောင့် ထိုင်းအစိုးရက နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားတဲ့ကြားမှာပဲ မြန်မာနိုင်ငံသားတွေ နေ့စဉ်ဝင်ရောက်နေကြတာပါ။ မေလ ၂၄ ရက် မနေ့တုန်းကလည်း ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် တောလမ်းတနေရာမှာ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦး ထိုင်းနယ်စပ် အထူးလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။
မြန်မာနိုင်ငံသားတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်စပ် မယ်ဆိုင်၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ် ကန်ချနဘူရီခရိုင်၊ ကရင်ပြည်နယ် နယ်စပ် မဲဆောက် စတဲ့ ထိုင်းနယ်စပ်တွေကနေ တရားမဝင် ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဧပြီလနဲ့ မေလအတွင်း ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာသူတွေထဲက အနည်းဆုံး လူတထောင်လောက် ဖမ်းဆီးခံထားရပြီး ဒီအထဲမှာ နိုင်ငံရေးကြောင့် ထွက်ပြေးလာသူတွေလည်း ရှိနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“နေ့တိုင်းနီးပါးဘဲ ဝင်နေကြတဲ့လူတွေ၊ အများစုက သတင်းတိုင်းမှာတော့ ပြောတာက သူတို့လာတာက ဒီဘက်မှာရှိတဲ့ သူတွေ ဆွေမျိုးသားချင်းတွေ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ထွက်လာကြတယ်ပေါ့။ ခုနက အုပ်စုတွေမှာက အလုပ်အကိုင်တွေက နိုင်ငံရေး အခြေအနေနဲ့ လုံးဝ အဆင်မပြေဘူး။ အဲတော့ တချို့လည်း နိုင်ငံရေးနဲ့ ပတ်သက်တာ ပါကောင်းပါမှာပေါ့။ ဒါပေမဲ့ လာတဲ့လူတွေ ပြောသမျှ သူတို့အနေနဲ့ ဒီမှာ အလုပ်လုပ်ဖို့ လာတယ်။ ဆိုတော့ ကျနော်တို့ အဲဒါကို သေချာမသိဘူး။ အဓိကအကြောင်း အရင်းကိုလေ။ ဒီထဲမှာကတော့ ကျနော်ထင်တယ် လိုက်ဖမ်းလို့ ထွက်ပြေးလာရတဲ့လူတွေ၊ ဒီဗီဘီတို့ အမှုလိုပေါ့နော် အဲဒီလိုမျိုးလူတွေ အများကြီး ရှိမှာပဲ”
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ဖမ်းဆီးခံရသူဟာ ထိုင်းနိုင်ငံရဲ့ ကိုဗစ်အရေးပေါ် စီမံချက် ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး နေရပ်ကို ပြန်ပို့ခံရဖို့လည်း ရှိနေပါတယ်။