နိုင်ငံခြားငွေတွေကို အွန်လိုင်းကတဆင့် တရားမဝင် ရောင်းဝယ်နေသူတွေကို အရေးယူ သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၂၇ ရက်မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာ နိုင်ငံခြားငွေဖြစ်တဲ့ အမေရိကန်တစ်ဒေါ်လာကို ပြင်ပဈေးကွက်မှာ ငွေကျပ် ၃၀၀၀ ဝန်းကျင်အထိ စံချိန်တင် ပေါက်ဈေးရှိနေပြီး ဗဟိုဘဏ်သတ်မှတ်ဈေး ၂၁၀၀ ကျပ်ထက် မြင့်တက်နေတာ ဖြစ်ပါတယ်။
ဗဟိုဘဏ် ထိပ်ပိုင်းတာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က အပြောင်းအလဲလုပ်အပြီးမှာ အခုလို လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး နိုင်ငံခြားငွေကြေးကို ဆွဲတင်သူတွေ၊ အွန်လိုင်းကနေ နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်တာတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လာတာပါ။
အရေးယူမယ့် ဥပဒေပုဒ်မကို ဗဟိုဘဏ်က သေချာဖော်ပြထားတာ မတွေ့ရပေမယ့် နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၈ မှာတော့ နိုင်ငံခြားသုံးငွေကို လုပ်ငန်းလိုင်စင် မရှိဘဲ မလုပ်ကိုင်ဖို့ တားမြစ်ထားပြီး ဒါကိုချိုးဖောက်ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သလို သက်သေခံပစ္စည်းတွေကို သိမ်းယူမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဗဟိုဘဏ်အနေနဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်အဖြစ် ပုံသေရည်ညွှန်းဈေး သတ်မှတ် ထားပေမယ့် နိုင်ငံခြားငွေ၊ အထူးသဖြင့် အမေရိကန်ဒေါ်လာကို လိုင်စင်ရ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းတွေမှာ ဝယ်ယူလို့ မရနိုင်သလို၊ ဘဏ်တွေကလည်း ဒီဈေးနှုန်းနဲ့ ပြန်ရောင်းချပေးတာ မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိ ကုန်ကြမ်းဝယ်ယူရာမှာ ဗဟိုဘဏ် ပေါက်ဈေးအတိုင်း မဟုတ်ဘဲ ပြင်ပပေါက်ဈေးနဲ့သာ ဝယ်ယူနေရတယ်လို့ RFA ကိုပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ပြန်လည် ရောင်းချပေးခဲ့တဲ့အပြင် နိုင်ငံခြားငွေ ထိန်းချုပ်တဲ့ မူဝါဒတွေကို အကြိမ်ကြိမ်ပြောင်းလဲ ပြင်ဆင်ချမှတ်ခဲ့ပေမယ့် လက်ရှိအထိ ဒေါ်လာပေါက်စျေးကို မထိန်းချုပ်နိုင်သေးဘဲ စံချိန်တင်တက်နေသလို သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေလည်း အခက်အခဲ ဖြစ်နေပါတယ်။