ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင် ငပလီမှာ တွေ့ဆုံ

RFA Burmese
2023.01.19
Share on WhatsApp
Share on WhatsApp
ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင် ငပလီမှာ တွေ့ဆုံ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermpol Srisawat တို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေ Pristine Mermaid Resort တွင် တွေ့ဆုံစဉ်။
Photo: Myanmar Military

ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်း‌ခြေမှာ ဇန်နဝါရီ ၁၉ ရက် စတင်ပြုလုပ်နေပြီး အစည်းအဝေးတက်ရောက်လာတဲ့ ထိုင်းစစ်ဦးစီးချုပ်ကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခဲ့တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။

ဒီအစည်းအဝေးကို ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နဲ့အဖွဲ့ တက်ရောက်နေပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ပူးပေါင်းဆက်ဆံရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးမယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ကောင်စီဥက္ကဋ္ဌတို့ ဆွေးနွေးနေတဲ့ အထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် နားလည်မှုယူဖို့ကိစ္စ အဓိက ပါဝင်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က RFA ကို ပြောပါတယ်။

"လေကြောင်းထိုးစစ်တွေကို စစ်ကောင်စီဘက်က မလုပ်မဖြစ် လုပ်လာရတဲ့အချိန်မှာ ထိုင်းနိုင်ငံဘက်က ဒီကိစ္စတွေကို နားလည်မှုရယူဖို့အတွက် ဆွေးနွေးတာဟာ အဓိက အကြောင်း ဖြစ်ပါလိမ့်မယ်။ အရန်အကြောင်းကတော့ စစ်ကောင်စီရဲ့ သားသမီးတွေနဲ့ စစ်ကောင်စီကို လက်နက်ဝယ်ပေးနေတဲ့ ထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတဲ့ နေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်နေတဲ့ အခါမှာ အဲဒီပြဿနာတွေနဲ့ ပတ်သက်လို့ တီးခေါက်မေးမြန်းတာတွေတော့ ရှိကောင်း ရှိနိုင်တယ်လို့ ထင်ပါတယ်ခင်ဗျ"

အာဏာသိမ်းပြီးမှ နယ်စပ်ဖြတ်ကျော်ထွက်ပြေးပြီး ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်တွေအရေး၊ ထိုင်းနိုင်ငံဘက်ကို မြန်မာဘက်က လက်နက်ကြီးကျည် ကျရောက်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်လို့ ဦးသန်စိုးနိုင်က သုံးသပ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းထားပေမယ့် တိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်တာကို အားကျနေသူဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ထောက်ပြ ပြောဆိုလေ့ ရှိပါတယ်။

ထိုင်းနဲ့ မြန်မာဟာ စစ်အာဏာသိမ်းမှု၊ ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေမှု စတဲ့အချက်တွေ တူညီနေတာကြောင့် နှစ်ဘက် စစ်ခေါင်းဆောင်တွေအကြား ဆွေးနွေးစရာတွေ အများအပြား ရှိနေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ခန့်မှန်းပါတယ်။

"ဒီလိုမျိုးတွေ့တယ်ဆိုတာကတော့ အထူးအဆန်းတော့ မဟုတ်ဘူး။ ထိုင်းနဲ့ မြန်မာနဲ့ ဆက်ဆံရေးက နဂိုကတည်းက ရှိပြီးသားပေါ့။ နောက် နိုင်ငံရေးအနေနဲ့ ကြည့်မယ် ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံလည်း ရွေးကောက်ပွဲလုပ်ဖို့ တာစူနေတယ်။ ပြင်ဆင်နေတယ်။ ထိုင်းလည်း ရွေးကောက်ပွဲလုပ်ဖို့ ရှိတယ်။ အာဏာသိမ်းထားတာချင်း လည်း တူတယ်။ နယ်စပ်ချင်းလည်း ချိတ်ဆက်နေတယ်။ ပြည်တွင်းရေးနဲ့ ဆိုင်တဲ့ အာဏာသိမ်းထားတဲ့အတွက်ကြောင့်မိုလို့ ဟိုဘက်ကို ဝင်ရောက်ခိုလှုံနေတဲ့ လူတွေလည်း အများကြီး ရှိတယ်ပေါ့နော်။ အဲဒီလို နယ်စပ်ဖြတ်ကျော် ကူးသန်းမှုတွေ ရှိတယ်"

မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်အဝယ်တော် ဦးထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ မြန်မာ စစ်ခေါင်းဆောင်ရဲ့ သားသမီး အမည်ပေါက် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့အထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ဦးအောင်ပြည့်စုံ နာမည်နဲ့ ဝယ်ယူထားတဲ့ အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန် ဘန်ကောက်မြို့လယ်က အဆင့်မြင့်ဇိမ်ခံကွန်ဒိုနဲ့ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် အမည်နဲ့ ဖွင့်လှစ်ထားတဲ့ SCB ဘဏ်စာရင်း စာအုပ်တွေ ပါဝင်ပါတယ်။

ညနေပိုင်းအထိ ထိုင်း-မြန်မာ စစ်ခေါင်းဆောင်တွေအကြား ဆွေးနွေးမှုနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က ဒီနေ့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဆွေးနွေးမှုအကြောင်းအရာတွေကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် သံတွဲမြို့အစည်းအဝေးကို သူလိုက်မသွားတဲ့အတွက် မဖြေနိုင်တဲ့အကြောင်း ငြင်းဆိုပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်ဘက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ဒီနှစ်မှာ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။