မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ဘီလူးကျွန်းကို ဆက်သွယ်ထားတဲ့ သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး အမည်ပြောင်းလဲသတ်မှတ်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်နေတာကြောင့် ဆိုင်းဘုတ်တင်ပွဲကို မပြုလုပ်တော့ဘဲ နာမည်ကိုလည်း ပြည်သူတွေလက်ခံတဲ့ နာမည်ပေးခွင့်ပြုဖို့ ဝန်ကြီးချုပ် ကပြောကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး က ပြောပါတယ်။
ဝန်ကြီးချုပ်က ဖုန်းဆက်ပြောထားတာဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဒေါက်တာ အောင်နိုင်ဦး က RFA ကို ပြောပါတယ်။
"ကျနော့်ကို သူဖုန်းဆက်ဖြစ်ပါတယ်၊ ဝန်ကြီးချုပ်က၊ ဒီဆိုင်းဘုတ်တင်ပွဲ ကိစ္စကတော့ သူတို့မလုပ်တော့ပါဘူးတဲ့၊ နာမည်ရွေးချယ်မယ်ဆိုလည်း အများလူထုလက်ခံတဲ့ဟာမျိုးကိုလည်း ရွေးချယ်ပြီးတော့ ဆောင်ရွက်စေမှာပေါ့နော် ၊ သူကတော့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့နဲ့လည်း တင်ပြပြီးတော့ ကူညီဆောင်ရွက်ပေးပ့ါမယ် လို့ ကျနော့်ကို ဖုန်းနဲ့တော့ ဆက်သွယ်အကြောင်းကြားထားတယ်၊ သို့သော်လည်းပဲ လုံးဝယုံကြည်စိတ်ချရတဲ့ အထိတော့ ကျနော်တို့က စောင့်ကြည့်ရဦးမှာပေါ့"
အစက ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ဖိတ်စာကို မနေ့က ရရှိခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မွန်အရပ်ဖက်အဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေက ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတွေထံကို ကန့်ကွက်စာတွေ ဒီနေ့ ပို့လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
သံလွင်တံတား(ချောင်းဆုံ) ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဆောက်လုပ်ဆဲဖြစ်ကာ လာမယ့် ဧပြီလအတွင်းမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
