ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေမှု နည်းပါးလာသော်လည်း တိုင်ကြားမှု ရှိနေဆဲ

မြန်မာအစိုးရဟာ အဓမ္မလုပ်အား ယူခိုင်းစေတဲ့အလေ့နဲ့ ကလေးစစ်သား စုဆောင်းသုံးစွဲတဲ့အလေ့တွေ အမြန်လျော့ကျသွားအောင် အာဏာသုံးပြီး တားဆီးထားပုံရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က မနေ့က ပြောဆိုပါတယ်။

2012.11.12
child_soldier_san_oo_305_z ကလေးစစ်သားအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလက အသက် ၁၆ နှစ်မပြည့်သေးသော မောင် ဆန်းဦးအား ၂ဝဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီး ရိုက်ကူးထားသောပုံ
Photo: AFP

ပြီးခဲ့တဲ့ ဇွန်လက ကလေးစစ်သား စုဆောင်းမှု တားဆီးကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ချိန်ကစလို့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း၊ ဒီနှစ်စပိုင်းကနေ အခုထိ ကလေးစစ်သား ၄၆ ယောက် ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဒီသဘောတူစာချုပ်ဟာ ထိထိရောက်ရောက် အလုပ်လုပ်နေပြီလို့ ဆိုရမှာဖြစ်ကြောင်းလည်း ILO က ပြောပါတယ်။

ဒါပေမဲ့ ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေခံရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဒီနှစ် ဇွန်လ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ တိုင်ကြားစာ ၁၅၈ စောင် ရရှိခဲ့ပြီး၊  မနှစ်က အလားတူကာလအတွင်း တိုင်ကြားစာ ၁၄၈ စောင် ILO က ရရှိခဲ့ပါတယ်။ ဒါကြောင့် ရလာဒ်ကောင်းတွေ ရရှိဖို့အစပျိုး နေပြီဖြစ်ပေမဲ့၊ အရင်က အကျင့်ဟောင်းတွေကတော့  ရှိနေတုန်းပဲ လို့ပြောနိုင်ကြောင်းလည်း ILO က ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သားအရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့၊ ထောင်နဲ့ချီပြီးရှိနေတယ်လ့ို ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ILO ဟာ အဓမ္မ ခိုင်းစေမှု နဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာရွက် တစ်သန်းကျော်ကို ဗမာစာအပါအဝင် တိုင်းရင်းသားဘာသာ ၇ မျိုး နဲ့ ရိုက်နှိပ်ပြီး ဝေငှခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။