ပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို အနားယူခွင့်ပြု
2018.05.17

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ကနေ အနားယူခွင့် ပေးလိုက်ပြီလို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ဒီနေ့ အတည်ပြုပြောကြားပါတယ်။
ဝန်ကြီးနေရာ ၃ ခု အပြောင်းအလဲလုပ်ပေးဖို့အတွက် ချင်းပြည်နယ်လွှတ်တော်ကနေ နိုင်ငံတော်သမ္မတထံ တင်ပြထားတဲ့အထဲက စည်ပင်သာယာရေးဝန်ကြီးကို အနားပေးလိုက်တာဖြစ်တယ်လို့ ဦးဇိုဘွဲက ပြောပါတယ်။
"စည်ပင်ဝန်ကြီးကတော့ နားခွင့်ပေးလိုက်ပြီတဲ့၊ ကျန်တဲ့ ၂ ယောက်ကတော့ နေရာလဲရုံပဲ၊ သူတို့ယူထားတဲ့ တာဝန်ကိုလဲဖို့တင်ထားတဲ့အတိုင်းပဲ ဖြစ်လာမှာပါ၊ တင်ထားတာလည်း အရင်တုန်းက ၃ ယောက်စလုံးကိုတော့ လဲဖို့စီစဉ်ထားပေမယ့် ခုက စည်ပင်ဝန်ကြီးကို အနားပေးတယ်ဆိုတော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးနော်"
လုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းတာ၊ နှောင့်နှေးနေတာတွေကြောင့် ချင်းပြည်နယ် အစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေး၊ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးနေရာ ၃ ခုအတွက် အပြောင်းအလဲလုပ်ပေးဖို့ ပြည်နယ်လွှတ်တော်က နိုင်ငံတော်သမ္မတထံ တင်ပြထားပါတယ်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး စုစုပေါင်း ၇ ဦးရှိတဲ့အထဲမှာ ၅ ဦးက NLD ပါတီကဖြစ်ပြီး ၁ ဦးက ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီနဲ့ နယ်လုံဝန်ကြီး တစ်ဦးတို့ဖြစ်ပါတယ်။
အပြောင်းအလဲလုပ်ဖို့ တင်ပြခံထားရသူတွေဟာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် တို့ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။