ထန်တလန်ရဲစခန်းကို သိမ်းပိုက်ထားကြောင်း CNF ပြော

ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်မြို့ ရဲစခန်းကို ချင်းအမျိုးသားတပ်ဦး CNA တပ်နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၈ ရက် မနေ့ ည ၉ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။

ရဲစခန်းထဲမှာရှိနေတဲ့ သေနတ် ၄၀ ကျော်နဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

"ကျနော်တို့က ဒရုန်းနဲ့ရော မြေပြင်ကနေရော သွားတိုက်တယ်။ မြို့လယ်ခေါင်မှာရှိတဲ့ ရဲစခန်းကို ဝင်ရောက်တိုက်တယ်။ စစ်ကောင်စီတပ်ဘက်က စစ်ဝတ်စုံဝတ်တဲ့ စစ်သားနှစ်ဦးနဲ့ စစ်ဝတ်စုံမဝတ်တဲ့ အလောင်း နှစ်လောင်း စုစုပေါင်း လေးလောင်း တွေ့တယ်။ ကျန်တဲ့ ဟာတွေတော့ လက်နက်ထားပြီးတော့ ထွက်ပြေးနေတယ်။ လက်နက်၊ သေနတ် လေးဆယ်ကျော် သိမ်းယူရတယ်"

မနေ့က တိုက်ခိုက်မှုအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

ထန်တလန်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအားလုံး ထွက်ပြေးနေပြီး ထန်တလန်မြို့ပြင်မှာရှိတဲ့ တပ်ကုန်းမှာသာ စစ်ကောင်စီတပ်တွေ နေရာယူထားတယ်လို့ CNF အဖွဲ့က ပြောပါတယ်။

ထန်တလန်မြို့ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်နဲ့ CNF နဲ့ CDF တပ်ဖွဲ့တွေရှိနိုင်မယ့် နေရာတွေကို ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မနက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း CNF အဖွဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဒါ့အပြင် ဟားခါးမြို့နယ်မှာ အခြေပြုနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ထန်တလန်မြို့ကို စစ်ကူတွေလာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ထန်တလန်မြို့ CB ဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား ခြောက်ဦးကို လက်နက်နဲ့အတူ CNA နဲ့ CDF တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထန်တလန်မြို့က ဒေသကာကွယ်ရေးတပ်တွေ ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့… ထန်တလန်မြို့နယ်ရဲစခန်းကို CDF အဖွဲ့က သာလွန်အင်အားနဲ့တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ များလာတဲ့အတွက် လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ ရယူပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ တစ်မြို့လုံး ထွက်ပြေးနေရပြီး အခုလက်ရှိ မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ CNF၊ ထန်တလန် ဒေသကာကွယ်ရေး အဖွဲ့တွေပဲရှိနေတာဖြစ်ပါတယ်။