ချင်းတောင် လမ်းတိုးချဲ့ရာမှာ ပန်းသီးစိုက်ခင်းတွေ ပျက်စီး

ဆလိုင်းကေတီဟောက်ခိုင်
2020.08.27
chin-road-622.jpg တီးတိန်မြို့နယ် ဒိမ်းပီကျေးရွာကားလမ်း တိုးချဲ့ဖောက်လုပ်ရာမှာ မြေပြိုကျနေတာကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Salai KT HauKhai/RFA

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ကျေးလက် လမ်းတိုးချဲ့ ဖောက်လုပ်တာက ထွက်ရှိလာတဲ့ စွန့်ပစ် မြေစာပုံတွေကြောင့် မြေပြိုပြီး ဖူးနွမ်းကျေးရွာက တောင်သူ ၁၉ ဦး ပိုင်တဲ့ ပန်းသီးစိုက်ခင်း ၂၃ ဧကလောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

တီးတိန်မြို့နယ် ဒိမ်းပီကျေးရွာကားလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ကစပြီး လမ်းတိုးချဲ့ဖောက်လုပ်ခဲ့တာပါ။

အခုလို မိုးများတဲ့အချိန်မှာ လမ်းတိုးချဲ့ချိန်က ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျပြီး ဒေသခံတွေရဲ့ စိုက်ခင်းအများအပြား ထိခိုက်သွားတာလို့ ဒေါ်ကျိန်လမ့်ဒိမ်းက RFA ကို ပြောပါတယ်။

“တချို့ ပန်းသီး ခြံတွေက တစ်ခြံလုံးပါတဲ့ ပန်းသီးခြံတွေလည်းပါတယ်။ ပြီးတော့ တစ်ဝက်တစ်ပျက်ပဲပါသွား တဲ့ ပန်းသီးခြံတွေလည်းပါတယ်။ ပျက်သွားတဲ့ပန်းသီးခြံကတော့ ၂၃ ဧကလောက်ရှိတယ်။ ဖူနွမ်းရွာတောင်သူ တွေက အဓိက အားထားရတဲ့ ပန်းသီးခြံတွေဖြစ်တယ်ဆိုတော့ ကျွန်မတို့ တကယ်နစ်နာတယ်။ ပန်းသီးတွေ ကလည်း ဝမ်းစာအဖြစ် စိုက်တာဆိုတော့ အစိုးရဘက်ကနေ ကူညီထောက်ပံ့မှု တစ်ခုခု တင်ပြမယ်၊ လျှောက် ထားမယ်ဆိုပြီးတော့ တောင်သူတွေအနေနဲ့ တိုင်ပင်ထားပါတယ်”

ချင်းပြည်နယ်အစိုးရ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်က မြေပြိုတာနဲ့ ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးဖို့ လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။ ကျေးလက်လမ်းဦးစီးဌာနနဲ့ လမ်းဖောက်လုပ်ရေး ကုမ္ပဏီတို့ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။

“၂၃ဧက ပျက်စီးတယ်ဆိုတော့ ပန်းသီးဧကတွေက သေချာ စစ်ဆေးမှရမှာနော်။ လမ်းလုပ်တဲ့ဟာနဲ့ ပျက်စီး တဲ့ဟာဆိုရင် လမ်းကကုမ္ပဏီက တာဝန်ရှိတဲ့ ကျေးလက်လမ်းဦးစီးနဲ့ ကုမ္ပဏီနဲ့  အတိုင်းအတာတစ်ခု ညှိပေး ရမှာပေါ့နော်။  မြေပြိုလို့ ဆိုရင် သဘာဝဘေး ဆိုတာထက် စိုက်ပျိုးရေးကို တင်ရမှာ။ စိုက်ပျိုရေးကို တင်ပြီးတော့ မြေပြိုတဲ့သီးနှံပျက်စီးတဲ့ဟာကို အဆင့်ဆင့် တင်ပြမှရမှာ”

ဖူနွမ်းရွာမှာ ပန်းသီးစိုက်ခင်းတွေကို ၁၉၉၅ ခုနှစ်က စတင် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ပန်းသီးပင်တွေဟာ သက်တမ်းခုနှစ်နှစ်လောက်ရမှ အသီးကို ဈေးကွက်ပို့နိုင်ပါတယ်။

ပန်းသီး တစ်ဧကဆိုရင် တစ်နှစ်ကို ဝင်ငွေ ၁၀ သိန်း အနည်းဆုံး ရနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြေပြိုမှုကြောင့် နစ်နာရတဲ့ ပန်းသီးစိုက်တောင်သူတွေကတော့  သူတို့ရဲ့လုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေး အတွက် အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေရဖို့ မျှော်လင့်နေကြပါတယ်။

တောင်သူတစ်ယောက်ဖြစ်တဲ့  ဦးခုပ်ဇတွောင်က လျော်ကြေးတောင်းတယ်လို့ မယူဆစေချင်ဘူးလို့ ဆိုပါတယ်။

“မြေစပြိုတာကတော့ စိုက်ခင်းရဲ့အောက်က လမ်းချဲ့တာကြောင့် အခုလို မြေပြိုတာဖြစ်ပါတယ်။ မြေပြိုတဲ့ထဲမှာ စိုက်ခင်းပိုင်ရှင် ၁၉ ယောက်လောက်ဟာ ပါတယ်။ ဧက ၂၀ ကျော်တယ် အစိုးရဆီကနေ လျော်ကြေး မဟုတ်ဘဲနဲ့ ထောက်ပံ့ပေးတာမျိုး ပေးနိုင်မယ်လို့ ကျွန်တော်‌‌ မျှော်လင့်ပါတယ်”

ဖူနွမ်းရွာကထွက်တဲ့ ပန်းသီးတွေကို ရန်ကုန်ကနေတဆင့် နိုင်ငံခြားအထိ တင်ပို့တဲ့သူတွေ လည်းရှိနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။