ချင်းပြည်နယ်မှာ တစ်ကျော့ပြန် ကိုရိုနာကပ်ဘေးနဲ့ ရင်ဆိုင်နေရ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021-06-11
Share

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာ ဇွန်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် ချင်းပြည်နယ်တစ်ခုလုံး ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၀ ဦး ရှိလာပါပြီ။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ နဂိုကတည်းက ကျန်းမာရေး ဝန်ထမ်း အလုံအလောက် မရှိပါဘူး။ အခုစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ များလာနေလို့ တကျော့ပြန် ဖြစ်ပွားလာနေတဲ့ ကိုရိုနာကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကျီးခါးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုရိုနာကပ်ရောဂါအရေး ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ဆေးရုံမှာ ဆရာဝန်မရှိတာကြောင့် အတည်ပြုလူနာတွေဟာ အိမ်မှာပဲ ကုသနေကြ ရတယ်လို့ RFA ကို ပြောပါတယ်။

“အခုကျတော့ ကိုဗစ်နဲ့ကိစ္စဆိုရင်လည်း ကျီးခါးမှာ ဆရာဝန်မရှိတော့ ဘယ်သူမှ ဆေးရုံမသွားချင်ကြ တော့ဘူး။ အိမ်မှာပဲ ကုကြတယ်။ လူတွေက ဆေးရုံလည်း သိပ်မသွားချင်ကြဘူး။ နည်းနည်းလည်း ကြောက်သွားပြီပေါ့။ ဆေးရုံမှာ ဆရာဝန်မထိုင်တဲ့အခါကျတော့ အဲလိုဖြစ်ကြတာ။ ကျွန်တော်တို့ကတော့ သွားစည်းရုံးတယ်။ သူတို့ကလည်း မအောင့်နိုင်တဲ့ အခါကျတော့ ကျွန်တော်တို့ လူငယ်တွေနဲ့ ကားနဲ့ သွားကြိုပြီးတော့ အောက်ဆီဂျင်တွေ ဘာတွေနဲ့ လုပ်ပေးရတဲ့ဟာတွေရှိတယ်။မအောင့်နိုင်တဲ့ အခါကျမှ ဆေးရုံကို လာကြတယ်”

လက်ရှိ အိန္ဒယနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ ကျီးခါးမြို့တွေမှာ မေလ လယ်ပိုင်းကနေ စတင်ပြီး မနေ့က ဇွန်လ ၁၀ ရက်နေ့အထိ ကိုရိုနာကပ်ရောဂါပိုး တွေ့ရှိသူပေါင်း ၃၂၀ ရှိပါတယ်။

အဲဒီအထဲက အတည်ပြုလူနာ ၁၉၅ ဦးရှိတဲ့ ကျီးခါးမြို့ တိုက်နယ်ဆေးရုံမှာ သူနာပြု အပါအဝင် ဆေးရုံဝန်ထမ်း သုံးဦးသာရှိတာကြောင့် စေတနာ့ဝန်ထမ်း ဆေးတက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဝန်တွေနဲ့ လူနာတွေကို ကုသမှုတွေပြုလုပ်ပေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် ကုသရေးပိုင်းမှာ ဝန်ထမ်းမလုံလောက်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ကျီးခါးမြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“အရင်ကတော့ တိုက်နယ်ဆရာဝန်တစ်ဦးရှိပါတယ်။ အခုကတော့ဆရာဝန် မရှိတော့ အခက်ခဲဖြစ် တာပေါ့နော်။ ဗော်လန်တီယာ ဆရာဝန်နဲ့ ဗော်လန်တီယာ သူနာပြုတွေနဲ့ ဆက်လုပ်နေပါတယ်။ ပုံမှန်အခြေနေဆိုရင် လုံလောက်ပါတယ်။ အခုလိုကပ်ဘေး ကိုဗစ်လိုဟာမျိုး ဆိုရင်တော့ ဆရာဝန် တစ်ယောက်နဲ့ မလုံလောက်ဘူး”

မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် ကိုရိုနာကပ်ရောဂါ အတည်ပြုလူနာ ပထမဦးဆုံးတွေ့ရှိတဲ့ တီးတိန်မြို့မှာ အခုလက်ရှိ အတည်ပြုလူနာ ရှစ်ဦးရှိပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ညပိုင်းက တီးတိန်ပြည်သူ့ဆေးရုံ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံကို ပိတ်ထားပါတယ်။

ချင်းပြည်နယ်က လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်ကတော့ လူနာတွေအတွက် စေတနာ့ ဝန်ထမ်းအချို့ရဲ့ အားကိုးနဲ့ ကုသပေးနေရတယ်လို့ ပြောပါတယ်။

“ဆရာဝန်က အရင်ကတည်းကဒီမှာတော့ သိပ်မပြည့်စုံဘူးပေါ့။ ဒါပေမဲ့ အခု ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၅ နှစ် အတွင်းမှာတော့ ဖြည့်စွက်ထားတယ်။ ကိုဗစ်တတိယလှိုင်းက တချို့ဆရာဝန်က CDM ဝင်တာရှိသလို တီးတိန်တို့ဆိုရင် ဆေးရုံမှာ ဗုံးပေါက်ကွဲလို့ ဆေးရုံပါပိတ်လိုက်တဲ့ သဘောအနေအထားရှိတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ အထူးသဖြင့် ကျွန်တော် နားလည်တဲ့ကိုယ့်ဒေသ ကျီးခါးနယ်ကလည်း ဆရာဝန် မရှိတော့ စေတနာ့ဝန်ထမ်း ဆရာဝန်လုပ်ဖို့ စည်းရုံတော့ ငါးယောက်နဲ့ဆောင်ရွက်နေရတယ်။ အတိုင်းတာ တစ်ခုတော့ အကျိူးရှိလာတယ်။ တခြားနေရာမှာလည်း ဒီတိုင်းပဲရှိမယ့် အနေအထားမှာရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျန်မာရေး ဝန်ထမ်းတွေက CDM လုပ်တာများတော့ အဲဒါကြောင့်။ အခုက ကိုယ်ထူကိုယ် ထ ပြန်လုပ်နေရတဲ့ပုံစံဖြစ်နေတယ်။ လိုအပ်တဲ့ ဆေးပစ္စည်းတွေ အလှူခံပြီးတော့ အဲလိုပဲ လုပ်နေရတယ်။ မြို့ပေါ်မှာနေတဲ့သူတွေက အပြင်ဆေးခန်းတွေ ဆရာဝန်တွေတစ်ယောက်ကို အနည်းဆုံး သုံးထောင် လေးထောင်လောက် စမ်းသပ်ခရတယ်။ တောင်ပေါ်မှာကျတော့ သိပ်မရှိပါဘူး။ အဲဒါတွေလည်းပါမယ်။ ဆေးပညာက စီးပွားရေးလည်း မဟုတ်ဘူး။ တကယ် လူသားချင်း စာနာစိတ်များများ ထားနိုင်တဲ့သူမှသာ လုပ်နိုင်တယ်။ ချင်းပြည်နယ်မှာက ခက်ခဲတယ်။ တာဝန်ကြီးသလောက် အခွင့်ရေး သိပ်မရဘူးပေါ့”

ကျန်းမာရေးဝန်ထမ်း ၈၂ ဦး အာဏာဖီဆန်ရေး(CDM) ပြုလုပ်နေကြတဲ့ ဖလမ်းမြို့မှာလည်း ဇွန်လ ၁၀ ရက် မေနေ့ကအထိ အတည်ပြုလူနာ ၂၈ ဦးရှိပြီး သေဆုံးသူ တစ်ဦး ရှိနေပါတယ်။

"ကျီးခါးမှာ ဆရာဝန်မရှိတော့ ဘယ်သူမှ ဆေးရုံမသွားချင်ကြ တော့ဘူး။ အိမ်မှာပဲ ကုကြတယ်။ လူတွေက ဆေးရုံလည်း သိပ်မသွားချင်ကြဘူး။"


ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီးခါးမြို့ကနေ တကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့အထိပါ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက လူဦးရေ အများဆုံးတစ်သိန်းကျော်နေထိုင်တဲ့ ပလက်ဝမြို့က ကုတင် ၅၀ ဆံ့ ဆေးရုံမှာ ဆရာဝန် နှစ်ဦးနဲ့ သူနာပြုဆရာမတွေ အပါအဝင် ဆေးရုံဝန်ထမ်း စုစုပေါင်း ၄၉ ဦးရှိတယ်လို့ ပလက်ဝမြို့နယ် ဆရာဝန်က ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာ ဝန်ထမ်းက ၄၉ ရှိပါတယ်ဗျ။ အဓိကတော့ ဆရာဝန်အင်အားလိုမှာပေါ့နော်။ ဝန်ထမ်းပိုင်းဆိုရင် ဆရာဝန်အင်းအားလိုမယ်။ ကုသပိုင်းမှာလေးပြီးတော့ ကုတင် ၅၀ ဆိုရင်အထူးကု မရှိဘူးပေ့ါ။ ကုတင် ၁၀၀ ဖြစ်တယ်ဆိုရင် အထူးကုတွေရှိတော့ ပိုအဆင်ပြေလာမှာပေါ့နော်”

လက်ရှိ ပလက်ဝမြို့နယ်မှာ အတည်ပြုလူနာ ခုနစ်ဦးရှိနေပြီး ပလက်ဝမြို့မှာရှိတဲ့ ဈေး၊ စာသင်ကျောင်းတွေနဲ့ မြို့အဝင်အထွက်တွေကို ခေတ္တပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

kale-doctors.jpeg
(ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ကလေးမြို့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ရစဉ်)


ချင်းပြည်နယ် တစ်ခုလုံးမှာ မနေ့ကဇွန် ၁၀ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၃၆၃ ဦးရှိနေပြီး ဇွန်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၁၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က တွန်းဇံမြို့ပေါ်အပါအဝင် တွန်းဇံမြို့နယ်မှာရှိတဲ့ ကျီးခါးမြို့ကို မလိုအပ်ဘဲ အပြင်မထွက်ရ (Stay At Home) အမိန့် ကြေညာထားပြီး ဇွန်လ ၄ ရက်နေ့ကလည်း တီးတိန်၊ ဖလမ်း၊ ဟားခါးနဲ့ထန်တလန်မြို့တွေကို အလားတူ မလိုအပ်ဘဲ အပြင်မထွက်ရအမိန့်ကို ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ ၂၀၂၀ မတ်လကစပြီး မနေ့က ၂၀၂၁ ဇွန်လ ၁၀ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာပေါင်း ၁၄၄,၈၇၆ ရှိပြီး သေဆုံးသူကတော့ ၃၂၃၇ ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့