ချင်းပြည်နယ်မှာ ဖြတ်လေးဖြတ်ကြောင့် ဒေသခံတွေ အခက်တွေ့

2022.01.07
ချင်းပြည်နယ်မှာ ဖြတ်လေးဖြတ်ကြောင့် ဒေသခံတွေ အခက်တွေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေမှာ အစားအသောက်၊ ဆေးဝါး၊ အနွေးထည်၊ ဖိနပ်စတာ တွေသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက် အခုလို ရေခဲမှတ်ရောက်ရှိနေတဲ့ ဆောင်းတွင်းကာ လမှာ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာ လူသုံးကုန်ပစ္စည်းနဲ့ အစားအသောက်တွေအတွက် ပြည်မဘက်ကို အဓိက မှီခိုအားထား နေကြရတာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကစပြီး မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့အဝင်တွေမှာ စစ်တပ်က လုံခြုံရေးဂိတ်တွေ တင်းတင်းကျပ်ကျပ်ချထားပြီး အစားအသောက်နဲ့ ဆေးဝါးသယ်ယူတာတွေကို ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုတလော အအေးဓာတ်ကို ဖြေရှင်းတာကျတော့ မီးလှုံတာ ရေနွေးသောက်တာနဲ့ ဖြေရှင်းကြနေတာပေါ့"

သယ်ယူလာခဲ့ရင်လည်း ဂိတ်တာဝန်ကျ စစ်ကောင်စီတပ်သားတွေက သိမ်းဆည်းလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

"အမျိုးသမီး အဝတ်အစားတွေက နည်းနည်းပါးပါးသယ်လို့ရတယ်။ အနွေးထည်တွေ ဖြစ်ဖြစ်ပေါ့နော်။ ဒါပေမဲ့ ယောကျာ်းလေးဝတ် အနွေးထည်တွေ လုံးဝသယ်လို့မရဘူး။ နောက်ပြီး ဆန်၊ ဆီ၊ ဆား ငပိ လုံးဝသယ်လို့ မရဘူး။ ပေါက်ဂိတ်နဲ့ သရက်တောဂိတ် နှစ်ခုရှိတယ်။ အဲဒီဂိတ်နှစ်ခုစလုံးမှာ အစားအ သောက်တွေ အကုန်လုံးချခိုင်းတယ်။ တချို့ဂိတ်တွေမှာ လွတ်လာခဲ့ပေမယ့် ပေါက်ဂိတ်မှာ လုံးဝ မသယ် ခိုင်းဘူး။ သူတို့အတွက်ပဲ ဖြစ်လာတော့တယ်။ ဘွတ်ဖိနပ်တွေ၊ ဖိနပ်တွေ၊ ဖုန်းတို့၊ Power Bank တို့ သယ်လို့မရဘူးပေါ့"

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ စစ်တပ်နဲ့ CDF အဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်လာချိန်ကစပြီး စစ်တပ်က မြို့အဝင်အထွက်တွေမှာ အခုလို ကန့်သတ်ပိတ်ပင်နေတာလို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မင်းတပ်မြို့နယ် အပါအဝင် ချင်းပြည်နယ်တစ်ပြည်နယ်လုံးမှာ လူ နှစ်သောင်းကျော် လောက် အခြေအနေ မတည်ငြိမ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ကန့်သတ်နေတဲ့အတွက် ဒေသခံတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေရသလို အပူချိန်ရေခဲမှတ်အထိ ရောက်ရှိနေတဲ့ အခုလို ဆောင်းတွင်းကာလမှာ အနွေးထည် မလုံလောက်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အအေးဒဏ်အတွက် ထင်းမီးဖိုတွေကိုသာ အဓိက အားထားနေကြရတယ်လို့ မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"အခက်အခဲတော့ တော်တော်ဖြစ်တယ်ပေါ့။ ပိုပြီးတော့ဝေးတဲ့နေရာ မင်းတပ်၊ မတူပီဘက် မှာဆို ရေတောင်ခဲတယ်ပေါ့နော်။ ဘယ်လိုမှ အဝတ်အစား မလုံလောက်တော့ ထင်းတွေ မီးမွှေးပြီးတော့ မီးလှုံတာပေါ့နော်။ အဲလိုဖြစ်တယ်။ အခုတလောက တိုက်ပွဲက စကစတွေက ထိုးစစ်ဆင်တော့လေ။ အဲဒါရွာသားတွေလည်း ပြေးနေရတယ်ပေါ့နော်။ အခုတလော အအေးဓာတ်ကို ဖြေရှင်းတာကျတော့ မီးလှုံတာ ရေနွေးသောက်တာနဲ့ ဖြေရှင်းကြနေတာပေါ့"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေအပေါ် တားဆီးပိတ်ပင်တာမရှိဘဲ PDF အဖွဲ့တွေအတွက် အထောက်အပံ့တွေကိုသာ ပိတ်ပင်တာလို့ ပြောပါတယ်။

“တပ်မတော်က လုပ်ဆောင်တာ မရှိပါဘူးဗျာ။ တပ်မတော်အနေနဲ့ လုပ်ဆောင်တာ တစ်ခုပဲရှိတယ်။ PDF နဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့နေတဲ့ဟာတွေပဲ လုပ်ဆောင်တာရှိတယ်။ လက်တွေ့လုပ် ဆောင်နေတာတော့ ဒါမြင်နေတာပဲ PDF အဖွဲ့တွေ လုပ်ဆောင်နေတာပဲ”

အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင်းအရေးအဖွဲ့ CHRO ကတော့ ချင်းပြည်နယ်မှာ စစ်တပ်က အခုလို တားဆီးပိတ်ပင်နေတာဟာ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတာလို့ပြောပါတယ်။

ဖြတ်လေးဖြတ်ဟာ ရိက္ခာဖြတ် ၊ သတင်းဖြတ်၊ ဝင်ငွေဖြတ်၊ ဒေသခံရွာသားတွေနဲ့ အဆက်ဖြတ် ပိတ်ဆို့ပစ်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

thantlang-refugees.jpg
(တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ထန်တလန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်) Photo: CJ

ဒါဟာ ကြီးမားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

"မင်းတပ်ကနေပဲဖြစ်ဖြစ်၊ ဟားခါးကနေပဲဖြစ်ဖြစ်၊ ကလေးဘက်ကနေပဲဖြစ်ဖြစ် လမ်းတွေက အကုန် သူတို့ ပိတ်ဆို့ကုန်တော့ ဖြတ်လေးဖြတ်ကို သူတို့ လုပ်ဆောင်နေတာဖြစ်တယ်။ အခုချိန်မှာဆိုလို့ရှိရင် ချင်းပြည်သူလူထုတွေက တချို့နေရာဒေသမှာဆိုလို့ရှိရင် စစ်ရှောင်နေရတယ်။ သူတို့ စားဖို့သောက်ဖို့ တော်တော်လေး အခက်ခဲရှိနေတယ်။ တကယ်ကြီးမားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်တာလို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ချင်းပြည်သူလူထုကို ငတ်မွတ်အောင် လုပ်နေတာဖြစ်ပါတယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေ မီးရှို့ခံရတာ၊ အိုးအိမ် တွေ ဖျက်ဆီးခံရတာ၊ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိနေပါတယ်။ ဒါ့အပြင် ခုလို အစားအသောက် နဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေပါ ကန့်သတ်ပိတ်ပင်နေလို့ အခက်အခဲတွေ ပိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။