ချင်းပြည်နယ်မှာ နှစ်လအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၄ဝ နီးပါးကြဲချခဲ့

RFA Burmese
2023.02.28
ချင်းပြည်နယ်မှာ နှစ်လအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၄ဝ နီးပါးကြဲချခဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Salai Tial Hram Ling

ချင်းပြည်နယ်က မြို့နယ်လေးခုမှာ စစ်ကောင်စီတပ် နှစ်လအတွင်း ဗုံးအလုံးရေ ၁၄၀ နီးပါးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မင်းတပ်၊ ဟားခါး၊ ထန်တလန်နဲ့ မတူပီ စတဲ့ မြို့နယ်လေးမြို့နယ်ကို လေကြောင်းကနေ ၅၃ ကြိမ်တိုက်ခိုက်ရာမှာ ဗုံးအလုံးရေ ၁၄ဝ နီးပါး ကြဲချ တိုက်ခိုက်ခဲ့တာလို့ CHRO က ဆိုပါတယ်။

အဲဒီထဲမှာ ထန်တလန်မြို့နယ်ကို တိုက်ခိုက်မှု အများဆုံးဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟင်လျန်က ပြောပါတယ်။

“ထန်တလန်မှာ သူတို့ (စစ်ကောင်စီ) အဓိက စခန်းနှစ်ခုရှိတယ်။ တစ်ခုကိုတော့ ဖေဖော်ဝါရီ ၆ ရက်နေ့က CNA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီ။ သူတို့ တပ်ကုန်းတစ်ခုပဲကျန်တော့တယ်။ အဲ့ဒီတော့ ထန်တလန်မြို့ကို သူတို့ အဆုံးရှုံးခံလို့မရဘူး။ အဲဒါက နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ထန်တလန်မြို့ကို ဆုံးရှုံးလို့မရတဲ့ အခြေအနေမှာဖြစ်နေလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လက်အောက်ကနေ ပြန်ရယူဖို့ ဗုံးတွေ လေယာဉ်တွေ အခုလိုသုံးပြီး တိုက်ခိုက်နေတာ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တွေက သူတို့လက်အောက်မှာပဲ ရှိတယ်ဆိုတဲ့ နိုင်ငံရေးအရအားသာမှုကို ရယူဖို့အတွက် ဒီလို အကြီးအကျယ် ဗုံးကြဲတာ၊ တိုက်ပွဲတွေလုပ်နေတာလို့ပဲ မြင်တယ်”

CHRO ရဲ့ စာရင်းတွေအရ နှစ်လအတွင်း လေကြောင်းကနေ ၅၃ ကြိမ် တိုက်ခိုက်ခဲ့တဲ့အထဲမှာ ထန်တလန်မြို့နယ်ကို ၄၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံး ၁၁၅ လုံး ကြဲချခဲ့တယ်လို့ ပြောပါတယ်။

လူဦးရေ တစ်သောင်းခွဲနီးပါးရှိတဲ့ ထန်တလန်မြို့နယ်မှာ ၂ဝ၂၁ ခု နှစ်ကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်တာ၊ တစ်မြို့လုံးနီးပါးကို စစ်ကောင်စီတပ်က မီးရှို့တာတွေကြောင့် အရပ်သားပြည်သူ တစ်ယောက်မှ မနေကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

6.jpg
၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် ထန်တလန်မြို့နယ် မီးရှို့ခံရသည်ကို တွေ့ရစဉ်။ (Photo: AFP)

ဒီနှစ်လအတွင်း မြို့နယ်လေးခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး၊ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သုံးဦးနဲ့ ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CHRO စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ဆေးရုံတစ်ရုံ၊ ဆေးရုံလူနာဆောင် ငါး‌ဆောင်၊ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အဆောက်အအုံ ၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။