မူဆယ် အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား ၂၅ဝ ခန့် ဖမ်းဆီးရမိ

RFA Burmese
2024.09.25
မူဆယ် အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား ၂၅ဝ ခန့် ဖမ်းဆီးရမိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 11:20 PM Sep 25, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်မြို့ ၊ မင်္ဂလာမူဆယ်ရပ်ကွက်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အအုံ အချို့ကို စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက စက်တင်ဘာလ ၂၃ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၂၄၇ ဦးနဲ့ မြန်မာနိုင်ငံသား ၅ဝဝ ကျော်၊ စုစုပေါင်း လူ ၇၅ဝ ထက်မနည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေနဲ့ နီးစပ်သူတွေ RFA ကို ဒီနေ့မနက်က ပြောပါတယ်။

အဲဒီနေ့က ဝင်ရောက်စီးနင်းစဉ်မှာ အဆောက်အအုံအချို့မှာနေရာယူထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်အချို့နဲ့ စစ်ကောင်စီတပ်သားတွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မင်္ဂလာမူဆယ်ထဲမှာ ပစ်ကြခတ်ကြတာ။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ပစ်ကြတာ။ ပြီးတော့ လူတွေလည်း ဖမ်းသွားတာများတယ်။ တရုတ်တွေလည်းပါတယ်။ အခုမြို့ထဲ အဝင်အထွက်တွေကို အရင်ထက် ပိုစစ်နေတယ်”

အဲဒီ ပြည်သူ့စစ်အဖွဲ့ဝင်တွေက လောင်းကစားဝိုင်းတွေနဲ့ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ လိုင်းကြေး ယူပြီးတော့ လုံခြုံရေးယူပေးနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက မထင်မှတ်ဘဲ ရုတ်တရက် ဝင်ရောက်စီးနင်းစဉ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာလို့ သူက ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲက တရုတ်နိုင်ငံသား ၂၄၇ ဦးကို တရုတ်နိုင်ငံဘက်ကို လွှဲပေးဖို့ ပြင်ဆင်နေတယ်လို့လည်း မူဆယ်မြို့က စစ်ကောင်စီ ဒေသအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကိုတော့ ဘယ်လိုဥပဒေတွေနဲ့ အရေးယူမယ်ဆိုတာကို မသိရသေးပါဘူး။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာမှာ အဲဒီမှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရာရှိတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် စက်တင်ဘာ ၂၅ ရက်နေ့ညမှာ ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် အဲဒီ အွန်လိုင်းငွေလိမ်လုပ်ငန်းကနေ တရုတ်နိုင်ငံသား ၁၉၄ ဦးနဲ့ မြန်မာနိုင်ငံသား ၃၅၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကိုတော့ တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်နယ်စပ် နမ့်ခမ်း၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကြူကုတ် - ပန်ဆိုင်းမြို့တွေကို ၁ဝ၂၇ စစ်ဆင်ရေး ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ထားပြီး မူဆယ်မြို့ကိုတော့ စစ်ကောင်စီ ဆက်လက်ထိန်းချုပ်ထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။