“၀”နဲ့ မိုင်းလား နယ်စပ်ဂိတ်တွေမှာ စားသောက်ကုန်သယ်ယူမှု ကန့်သတ်ခံထားရ

RFA Burmese
2024.11.06
“၀”နဲ့ မိုင်းလား နယ်စပ်ဂိတ်တွေမှာ စားသောက်ကုန်သယ်ယူမှု ကန့်သတ်ခံထားရ "၀" တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်တစ်မြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း “၀” နဲ့ မိုင်းလား ဒေသမှာရှိတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေမှာ အသီးအရွက်နဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံဘက်က အကန့်အသတ်နဲ့သာ ဝယ်ယူခွင့်ပြုတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြောပါတယ်။

နယ်စပ်ဂိတ်တွေကနေ စက်သုံးဆီအပါအဝင် သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းအမျိုးစားတွေကို သယ်ယူခွင့်ပိတ်ထားပြီး အသီးအရွက်နဲ့ စားသောက်ကုန်ကိုတော့ တစ်နိုင်တစ်ပိုင် သယ်ယူခွင့်ပြုထားတာလို့ ဆိုပါတယ်။

လူတစ်ယောက်ကို ဈေးခြင်းတစ်ခြင်းစာသာ သယ်ယူခွင့်ပြုတာဖြစ်ပြီး စစ်ဆေးရေးဂိတ်နေရာ စားသောက်ကုန်အပြင် ကန့်သတ်ထားတဲ့ပစ္စည်းတွေ ပါ၊ မပါ စစ်ဆေးတာကြောင့် အချိန်ကြာမြင့်စွာ တန်းစီးစောင့်ဆိုင်းနေရတယ်လို့ "၀"ဒေသ နမ့်တစ်မြို့ခံတစ်ဦးက ပြောပါတယ်။

“အကန့်အသတ်နဲ့ပဲ ရတော့တယ်။ တစ်နိုင်စာပဲ ပေးသယ်တယ်။ ဒါတောင် ဂိတ်မှာသူတို့ ကန့်သတ်ထားတဲ့ ပစ္စည်းတွေပါ၊ မပါစစ်တော့ အချိန်အကြာကြီး စောင့်ရတယ်။ တော်တော်လေး ခက်ခဲနေကြတာပါ”

“ဝ” ဒေသမှာ နမ့်တစ်နဲ့ မန်ခါးဂိတ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်ကို ၂၀၂၄ ဩဂုတ်လကတည်းက တရုတ်ဘက်က ပိတ်ထားတာပါ။ ကျန်နေတဲ့ ပန်ဝိုင်-ယုံဟော်၊ ပန်ဆန်း-မုံးအ၊ ဟိုတောင်-မန်ရှီ စတဲ့ ဂိတ်လေးခုကနေ ကုန်ပစ္စည်းတင်သွင်းတာကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထပ်မံကန့်သတ်ထားပေမဲ့ အသီးအရွက်နဲ့ စားသောက်ကုန်ကို အနည်းငယ်သယ်ယူခွင့် ရနေတာပါ။

အလားတူ မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်တဲ့ မိုင်းလား- တာလော့ နယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်က ကန့်သတ်ထားပြီး တစ်နိုင်တစ်ပိုင် စားသောက်ကုန် အနည်းငယ်ပဲ သယ်ယူခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

UWSA "၀" တပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဒေသအတွင်းမှာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်ပစ္စည်းတွေ ဈေးတင်မရောင်းကြဖို့နဲ့ သိုလှောင်ထားတာတွေ မလုပ်ဖို့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်သတိပေးထားပါတယ်။

တရုတ်ဘက်က စက်သုံးဆီနဲ့ ကုန်ပစ္စည်းတချို့ကို ကန့်သတ်ထားပေမဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ ပုံမှန်ဝင်ရောက်နေတာရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဒုတိယလှိုင်း သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ရပ်ဖို့နဲ့ လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ပြန်ဆုတ်ပေးဖို့ တရုတ်နိုင်ငံဘက်က မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကို ဖိအားပေးခဲ့တယ်လို့ ဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်း တရုတ်နဲ့ စပ်ဆက်နေတဲ့ နယ်စပ်ဂိတ်တွေကနေ စားသောက်ကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနဲ့ စက်သုံးဆီ သယ်ယူခွင့်ကို တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်တာကြောင့် တရုတ် -မြန်မာ နယ်စပ်ဒေသမှာ နေထိုင်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်တာ၊ စာသောက်ကုန်၊ ဆေးဝါးဈေးနှုန်း မြင့်တက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။