တရုတ်နိုင်ငံသားတွေ လုံခြုံမှုရှိရေး အားမြှင့်လုပ်ဆောင်ဖို့ မြန်မာကို တရုတ်တိုက်တွန်း

0:00 / 0:00

မြန်မာအစိုးရအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးကို အားမြှင့်ဆောင်ရွက်ဖို့နဲ့ တရုတ်နိုင်ငံသားတွေ၊ တရုတ်အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအတွက် စိတ်ချရအောင် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း လုပ်ကိုင်ဆောင်ရွက်ပေးဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို တရုတ်အစိုးရအနေနဲ့ အထူး အလေးထားစောင့်ကြည့်နေကြောင်း၊ ပြင်းထန်တဲ့ တိုက်ပွဲတွေ မဖြစ်ပွားရအောင် ကာကွယ်နိုင်ဖို့နဲ့ တင်းမာမှုတွေလျှော့ချနိုင်ဖို့ တို့အတွက် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်း လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟောင်လိုင်က ဘေဂျင်းမြို့မှာ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာအစိုးရကတော့ ကိုးကန့်ဒေသကတိုက်ပွဲတွေမှာ တရုတ်နယ်စပ်က အဖွဲ့အစည်းတချို့ ပါဝင်ပတ်သက်မှု ရှိနေကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ မူဝါဒအတိုင်း တိတိကျကျရပ်တည်ဆောင်ရွက် နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။