နယ်စပ်မြေယာအငြင်းပွားမှုဖြစ်ခဲ့တဲ့ နောင်ခမ်းကျေးရွာကို တရုတ်ဘက်က လျှပ်စစ်မီးဖြတ်

မြန်မာ-တရုတ်နယ်စပ် နှစ်နိုင်ငံမြေယာအငြင်းပွားမှု ဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာကို တရုတ်နိုင်ငံ လျှပ်စစ်မီးကုမ္ပဏီက မီးမပေးတော့ဘဲ ဖြတ်တောက်ထားတာကြောင့် အိမ်ထောင်စု ၁၆၁ စု ရှိတဲ့ အဲဒီကျေးရွာက ဒေသခံတွေ အခက်အခဲဖြစ်နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က အခုလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂ဝ၂ဝ ခုနှစ် အောက်တိုဘာလမှာ ကိုဗစ်ရောဂါထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ က နောင်ခမ်းကျေးရွာအနီး ခြံစည်းရိုးခတ်ခဲ့တာကြောင့် ကျေးရွာသားတွေနဲ့ အငြင်းပွားမှုဖြစ်ခဲ့သလို၂ဝ၂၁ ခုနှစ် ဇူလိုင်လမှာ မူလပြဿနာဖြစ်ခဲ့တဲ့နေရာကို တရုတ်အလုပ်သမား ၅ဝ ကျော်နဲ့ ထပ်မံလာရောက် ခြံစည်းရိုးကာဖို့ လုပ်တဲ့အတွက် မြေယာအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမှုကြောင့် တရုတ်ဘက်က ခြံစည်းရိုး ကာတာကို ရပ်တန့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်ဘက်က ၂ဝ၂၁ ခုနှစ် ဇူလိုင်လမှာ မီး တစ်ကြိမ်ဖြတ်ခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ပိုင်းမှာတော့ နောင်ခမ်းရွာကို မီး လုံးဝဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေက တရုတ်ဘက်က လျှပ်စစ်မီးပေးတဲ့ ကုမ္ပဏီကို အကြိမ်ကြိမ်စာရေးတောင်းဆိုခဲ့ပေမယ့် ဘာမှအကြောင်းပြန်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒီလိုမီးအဖြတ်ခံရတာကြောင့် ကျေးရွာသားတွေဟာ လျှပ်စစ်အစားထိုးသုံးဖို့ မီးစက်နဲ့ဆိုလာတွေကိုပဲ အဓိကထား သုံးနေရသလို မပြီးပြတ်သေးတဲ့ နယ်စပ်မြေယာအငြင်းပွားမှုကြောင့် သူတို့ရဲ့လယ်ယာတွေကို သွားဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နောင်ခမ်းရွာသားတွေဟာ သူတို့ရွာနဲ့ ကပ်လျက်မှာရှိတဲ့ တရုတ်နိုင်ငံ နောင်ဆွမ်ရာက လျှပ်စစ်မီးကို နှစ်ပေါင်းနှစ်ဆယ်ကျော် ဝယ်ယူသုံးစွဲခဲ့ကြပြီး ၂ဝဝ၂ ခုနှစ်မှာတော့ တရုတ်မီတာပုံးတွေကို ယွမ် ၆၅ဝနဲ့ တပ်ဆင်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီကိစ္စအတွက် RFA အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။