တရုတ်ထုတ် ဒရုန်းနဲ့ လေကြောင်းသုံးလက်နက်တွေ စစ်ကောင်စီ သွားရောက်လေ့လာ

RFA Burmese
2024.09.17
တရုတ်ထုတ် ဒရုန်းနဲ့ လေကြောင်းသုံးလက်နက်တွေ စစ်ကောင်စီ သွားရောက်လေ့လာ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
MOI Photo

စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ တရုတ်နိုင်ငံ ပေကျင်းမြို့က စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ဒရုန်းနဲ့ လေကြောင်းသုံး စစ်လက်နက်ပစ္စည်းတွေကို သွားရောက်လေ့လာပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီကုမ္ပဏီတွေမှာရှိတဲ့ မောင်းသူမဲ့လေယာဉ် (ဒရုန်း) ထုတ်လုပ်မှု၊ အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေး နည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေ၊ လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မှီထုတ်ကုန်တွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံပေကျင်းမြို့မှာ စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပတဲ့ (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် တက်ရောက်ခဲ့ပြီးနောက် စစ်လက်နက်ထုတ်တဲ့ ကုမ္ပဏီတွေကိုပါ အခုလို သွားရောက်ခဲ့တာပါ။

ပေကျင်းရှန်ကျင်းဖိုရမ်ကို နိုင်ငံပေါင်း တစ်ရာကျော်က ကာကွယ်ရေးဝန်ကြီးတွေ အပါအ၀င် ကိုယ်စားလှယ် ၁,၈၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် လေယာဉ် ကုမ္ပဏီ Aviation Industry Corporation of China ခေါ် (AVIC) ကတော့ မြန်မာစစ်တပ်အတွက် လေယာဉ်တွေနဲ့ လက်နက်ပစ္စည်းတွေ ရောင်းချပေးနေကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်တဲ့ Justice For Myanmar နဲ့ Info Birmanie အဖွဲ့တို့က စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

AIRBUSTED လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ အစီရင်ခံစာမှာ မြန်မာစစ်တပ်ကနေ အရပ်သား ပြည်သူတွေကို အလွန်အကျွံ အင်အားသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ရာမှာ အသုံးပြုနေတဲ့ ဖိုက်တာဂျက်လေယာဉ်တွေ၊ တိုက်ပွဲသုံး လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို AVIC ကုမ္ပဏီ ထုတ်လုပ်ရောင်းချပြီး၊ ဒီလေယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း နည်းပညာ အကူအညီပေးနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ကတော့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၇၆ ဖွဲ့စုပေါင်းပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ကူညီထောက်ပံ့တာတွေနဲ့ ကာကွယ်ရပ်တည်တာတွေ မလုပ်ဖို့ နိုင်ငံရေးအရ အရေးယူတာတွေ လုပ်ပေးဖို့ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။