မြန်မာ့အရေး တရုတ် ပိုပြီးဝင်စွက်လာနိုင်ကြောင်း The Strategist မှာ ဖော်ပြ
2024.12.11
[Edited: 7:30 pm, Dec 11, 2024]
မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ တရုတ်ရဲ့ စစ်ရေးဝင်ရောက်စွက်ဖက်မှုဟာ အများထင်မှတ်ထားတာထက် ပိုနိုင်တယ်လို့ ဩစတြေးလျအခြေစိုက် မူဝါဒရေးရာသုတေသနအဖွဲ့က ထုတ်ဝေတဲ့ The Strategist အွန်လိုင်းစာစောင်မှာ ဒီနေ့ ဖော်ပြထားပါတယ်။
တရုတ်နဲ့မြန်မာ ပူးတွဲတည်ထောင်မဲ့ လုံခြုံရေးကုမ္ပဏီတွေမှာ ဘယ်သူတွေပါဝင်ပြီး ဘယ်လိုဖွဲ့စည်းမယ်ဆိုတဲ့ သဘောတူညီချက် မရှိသေးပေမဲ့ မြန်မာပိုင်နက်အတွင်းမှာ တရုတ်လက်နက်ကိုင်အဖွဲ့တွေ ရှိနေတဲ့အတွက် မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်ရဲ့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှု ပိုများလာနိုင်တယ်လို့ ရေးသားထားပါတယ်။
မြန်မာနိုင်ငံတွင်းက လုံခြုံရေးကဏ္ဍမှာ တရုတ်ပါဝင်ပတ်သက်မှု တိုးမြှင့်လာတဲ့ အကြောင်းရင်း အများအပြားရှိတယ်လို့ ဆိုပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်က ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ရေးဟာ ထင်ရှားတဲ့အကျိုးစီးပွားတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေးမြို့မှာ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲခံရမှုဟာ အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ ဆောင်းပါးရှင်က ထောက်ပြပါတယ်။
မြန်မာစစ်တပ်ဟာ အခြေခံလုံခြုံရေးလောက်ကိုတောင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့တဲ့အထိ စစ်ရေးစွမ်းရည် ကျဆင်းလာသလို၊ ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်ဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ပိုများလာနေတယ်လို့လည်း ရေးသားထားပါတယ်။
ကမ္ဘာတစ်ဝန်းက သူ့ရဲ့စီးပွားရေးစင်္ကြန်စီမံကိန်းတွေ လုံခြုံရေးအတွက် ပုဂ္ဂလိက လက်နက်ကိုင် ကုမ္ပဏီတွေကို အားထားနေရတဲ့ တရုတ်အတွက် မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှုတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ မသိမ်းပိုက်နိုင်အောင် တားဆီးရေးဟာ အဓိကရည်မှန်းချက် ဖြစ်လာတယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းရာမှာ ပါဝင်ပတ်သက်ရင် နိုင်ငံတကာဝေဖန်မှုတွေ ခံရနိုင်တဲ့အတွက် တရုတ်အနေနဲ့ မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ရိုက်ဝင်စွက်ဖို့ ပေါ့ပေါ့တန်တန် စဥ်းစားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အင်အားချည့်နဲ့လာနေတဲ့ စစ်ကောင်စီကို အကူအညီဆက်ပေးမယ်ဆိုရင် လှုပ်လေမြုပ်လေ ဖြစ်လာနိုင်တာကို တရုတ်အနေနဲ့ တစ်ချိန်ချိန်မှာ သဘောပေါက်လာမယ်လို့လည်း ဆောင်းပါးရှင်က ဆိုပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်က တောင်ဗီယက်နမ်အစိုးရဘက်က ဝင်တိုက်ပေးခဲ့တာနဲ့ မသိမသာ ဆင်တူနေကြောင်း၊ ဒါပေမယ့် တရုတ်က မြန်မာနိုင်ငံမှာ စစ်ရေးအရဝင်စွက်မယ်ဆိုရင် ဆန္ဒရှိလို့မဟုတ်ဘဲ မဖြစ်မနေဝင်စွက်ဖို့လိုပြီလို့ ယူဆတာကြောင့် ဖြစ်နိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ကြားဝင်စွက်တာဟာ အဝင်လွယ်သလောက် အထွက်ခက်တယ်ဆိုတာ သမိုင်းမှာ အထင်အရှားတွေ့ခဲ့ရပြီး ဖြစ်ကြောင်းလည်း ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။