တရုတ်-စစ်ကောင်စီ လုံခြုံရေးကုမ္ပဏီ ပုံစံကွဲပြားနိုင်ကြောင်း The Eurasia ဖော်ပြ
2024.12.02
တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းတည်ထောင်ဖို့ ပြင်ဆင်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဟာ ပုံမှန် တရုတ် လုံခြုံရေးကုမ္ပဏီတွေနဲ့မတူဘဲ တမူကွဲပြားနိုင်ကြောင်း အမေရိကန်အခြေစိုက် The Eurasia က ဒီဇင်ဘာ ၂ ရက် ဒီနေ့ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။
တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ ပိုးလမ်းမ စီမံကိန်းတစ်လျှောက်မှာရှိတဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကရည်ရွယ်ပေမဲ့ မြန်မာနိုင်ငံက တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ တော်လှန်ရေး အင်အားစုတွေကို စစ်ကောင်စီက တိုက်ခိုက်ချေမှုန်းရာမှာ ပါဝင်လာနိုင်တဲ့ မှန်းဆမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီဟာ ကန့်သတ်ထိန်းချုပ်မှုအနည်းငယ်နဲ့ စစ်လက်နက် တပ်ဆင်ပေးထားသူတွေလည်း ပါဝင်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီ လက်ရှိမှာ လေးခုရှိတယ်လို့ The Eurasia က ဖော်ပြပါတယ်။
စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီကို တရုတ်အစိုးရကတော့ လက်လွှတ်ဖို့ အသင့်မဖြစ်သေးဘဲ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တစ်ခုထားရှိဖို့ ပြင်ဆင်လာတာက စစ်ကောင်စီ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ The Eurasia ကဖော်ပြတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုရော၊ တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆက်ဆံရေးပါ မရရှိသေးဘဲ သီးခြားဖြစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။