တရုတ်- မြန်မာနယ်စပ် မူဆယ်မှာ တိုက်ပွဲဖြစ်

RFA Burmese
2024.11.02
တရုတ်- မြန်မာနယ်စပ် မူဆယ်မှာ တိုက်ပွဲဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်၊ မန်ဖန်ရွာအနီးမှာ နိုဝင်ဘာလ ၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန်ဖန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက မနေ့က မနက်အစောကြီးမှာ ဖြစ်တယ်။ နာရီ၀က်ကြာတယ်၊ စစ်ကောင်စီ နေရာယူထားတဲ့ ၁၀၅ မိုင်ဘက်ရော၊ စက်မှုကုန်းဘက်ကပါ ပစ်ကြတယ်”

တိုက်ပွဲအတွင်း အရပ်သား ထိခိုက်မှုမရှိပေမဲ့ တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

အောက်တိုဘာ ၁၅ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ နမ့်ခွန်ရွာအနီးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက်ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂ ရက် ဒီနေ့ ညနေအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအဓိကမြို့ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။