တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ တည်ထောင်မှု အကျိုးမရှိနိုင်
2024.12.11
စစ်ကောင်စီနဲ့ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ တည်ထောင်တာက တရုတ်နိုင်ငံအတွက် ထိခိုက်မှုရှိနိုင်ကြောင်း သြစတြေးလျအခြေစိုက် The Conversation ကဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီတွေ ရှိနေတာက တရုတ်နိုင်ငံသားတွေကို တိုက်ပွဲထဲ ပိတ်မိတာ၊ သေဆုံးတာတွေ ဖြစ်နိုင်တယ်လို့ သြစတြေးလျတက္ကသိုလ် ကထိကတစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် Adam Simpson က သုံးသပ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေအတွက်လည်း နယ်မြေထိန်းချုပ်နိုင်ရေးမှာ ပိုပြီးရှုပ်ထွေးသွားစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေရဲ့ တရုတ်နိုင်ငံကို ဦးတည်တဲ့ စီးပွားရေးလမ်းကြောင်းဟာ ပြောင်းလဲသွားနိုင်ပြီး ရေရှည်မှာ အဲဒီအဖွဲ့အစည်းတွေအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးနိုင်မှု လျော့ပါးသွားနိုင်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ တရုတ်လုံခြုံရေးကုမ္ပဏီတွေဟာ မြန်မာနိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပိုပြီး အားကောင်းလာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ဖို့အတွက် တရုတ်နိုင်ငံက စစ်ကောင်စီကို အဆိုပြုထားတာဖြစ်ပြီး ဒီအဆိုပြုချက်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီ တစ်ခု ဖွဲ့စည်းထားပါတယ်။