မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ တရုတ်အစိုးရ တောင်းဆို
2024.12.10
မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းနေပြီး အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တရုတ်နယ်စပ်လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က ပေကျင်းမြို့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးနေတာနဲ့ပတ်သက်ပြီး AFP သတင်းဌာနက မေးမြန်းချိန်မှာ အခုလို ပြောခဲ့တာပါ။ တွေ့ဆုံဆွေးနွေးတဲ့ နေရာနဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ဖြေကြားသွားတာမရှိပါဘူး။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ပဋိပက္ခတွေကို မမြင်တွေ့လိုကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် တရုတ်က အစွမ်းကုန်ပံ့ပိုးကူညီသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး တရုတ်နိုင်ငံထဲမှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီဇင်ဘာလ ၉ ရက်နေ့က ပြောဆိုထားပါတယ်။
အပစ်ရပ်ဖို့ တရုတ်က ဖိအားပေးနေတဲ့ကြားမှာပဲ အောက်တိုဘာလဆန်းပိုင်းကစပြီး မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ဆော့လော်မြို့နဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါနဲ့ ကန်ပိုက်တီ မြို့တွေကို KIA က ထိန်းချုပ်ခဲ့ပြီးနောက် လတ်တလောမှာ ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။