မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်တော့မှာဖြစ်ကြောင်း ကချင်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုခဲ့ကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးစားချက်ကို ကချင်ခေါင်းဆောင်တွေနဲ့ ဒေသခံတွေကြားမှာ ဝေဖန်မှုတွေရှိနေပါတယ်။
RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာနဲ့ ကိုကျော်ထွန်းနိုင် တို့က စုစည်းထားပြီး ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။
■ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ထိပ်သီးခေါင်းတွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရအဖွဲ့တာဝန် ရှိသူတွေ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ တွေ့ဆုံရာမှာ မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ယူနန်ပြည်နယ်အစိုးရက ပြောဆိုခဲ့တာလို့ သိရပါတယ်။
တရုတ်အစိုးရအဖွဲ့က ပြောဆိုလိုက်တဲ့အကြောင်းကို KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ဇုန်နယ်အသီးသီး ခေါင်းဆောင် အစည်းအဝေးမှာ ကချင်ဘာသာနဲ့ အခုလိုပြန်လည်ရှင်းပြခဲ့ပါတယ်။
"မြစ်ဆုံစီမံကိန်းကို စတော့မယ်။ နင်တို့ ဘာပြောပြော ငါတို့ခံမယ်။ ဒါကို ဘာလို့လုပ်တာလဲဆိုတော့ ဥက္ကဋ္ဌ ရှီကျင့်ဖင် အရင် ဒုဥက္ကဋ္ဌ ဖြစ်တုန်းက နေပြည်တော်မှာ လက်မှတ်ထိုးထားတယ်။ သန်းရွှေ၊ သိန်းစိန် ဝန်ကြီးချုပ်၊ သူရတင်အောင်မြင့်ဦး တို့နဲ့ တရားဝင် လက်မှတ်ထိုးထားတာဆိုတော့ အခုရှီကျင့်ဖင် ဥက္ကဋ္ဌ ဖြစ်ပြီ၊ ဒါကို အမြန်အကောင်အထည်ဖော်။ ကမ္ဘောဒီးယား၊ လာအိုမှာတောင် လုပ်လို့ရတယ် ဘာလို့ မြန်မာမှာ လုပ်လို့မရမလဲ ဒါက ဥက္ကဋ္ဌ ညွှန်ကြားချက် ဖြစ်တယ်"
ယူနန်ပြည်နယ် အစိုးရအပြင် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ ဖိအားပေးတဲ့ထဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျံကလည်း ကချင်ခေါင်းဆောင်တွေကို ဖိအားပေးမှုတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက မစ္စတာ ဟုန်လံျက မြစ်ကြီးနားမြို့မှာ ကချင်ခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ ဆုံပြီး မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်တာတွေမလုပ်ဖို့ ဖိအားပေးပြောဆိုမှုတွေရှိခဲ့တာပါ။ ဒါ့အပြင် ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စတွေကိုလည်း တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောဆိုတာတွေ လည်းရှိခဲ့တယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စကိုတော့ မှတ်ချက်ပေးပြောဆိုသံတွေမကြားရပေမယ့် မြစ်ဆုံစီမံကိန်း ပြန်လည် စတင်မယ့်ကိစ္စကို ဒေသခံတွေနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေက လက်မခံနိုင်ကြောင်း ပြောဆိုသံတွေ လည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မြစ်ဆုံစီမံကိန်းကိစ္စဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဖြစ်ကြောင်း RFA ကို ပြောပါတယ်။
"မြစ်ဆုံကိစ္စက ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး၊ မြစ်ဆုံကို မကန့်ကွက်ဖို့၊ မြစ်ဆုံကို ထောက်ခံပေးဖို့ဆိုတာက ပယ်ချရမှာဖြစ်ပါတယ်၊ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
တရုတ်ခေါင်းဆောင်တွေအနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက် ကချင်ခေါင်းဆောင်တွေအပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေ၊ မြန်မာအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ NLD ပါတီတာဝန်ရှိသူတွေကို ချဉ်းကပ်ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ရာမှာ မြစ်ဆုံစီမံကိန်းကိစ္စကို သူ့အနေနဲ့ ပြောဆိုပိုင်ခွင့်မရှိကြောင်းပြောပါတယ်။
"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောလို့မရဘူးခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ KIO ရဲ့ သဘောထား ကိုလည်း ကျွန်တော် ပြောလို့မရဘူး၊ နောက်ပြီးတော့ KBC ခေါင်းဆောင် ဥက္ကဋ္ဌ သူ့ကို တရုတ်က ဘယ်လိုပြော တယ် ဆိုတာလည်း အတိအကျ အချက်အလက်တွေ ဘာမှမရဘူး၊ အွန်လိုင်းမှာ ရေးတာလောက်ပဲ ကျွန်တော်သိပါတယ်၊ ဆိုတော့ ကျွန်တော် တရားဝင်ပြောလို့မရပါဘူး"
ဒါကြောင့် KIO ထိပ်ပိုင်းခေါင်းဆောင်တွေကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ တရုတ်ခေါင်းဆောင်တွေ ဖိအားပေးမှုတွေ ရှိတယ်ဆိုတာကို မကြားမိကြောင်းနဲ့ NLD ပါတီကို ဖိအားပေးတာတွေ မရှိကြောင်း RFA ကို ပြောပါတယ်။
"ကျွန်တော်ကတော့ အဲ့ဒီသတင်းကို မသိပါဘူး၊ ကျွန်တော်ယုံလည်း မယုံကြည်ပါဘူး၊ ဒီဟာနဲ့ ပတ်သက်ရင် ဘာမှပြောစရာမရှိပါဘူး၊ အဲဒီစာချုပ်တွေလည်း ကျွန်တော် မဖတ်ဘူးဘူးခင်ဗျ"
မြစ်ဆုံစီမံကိန်းကို ဆက်လက်ဆောင်ရွက်မယ်ဆိုပြီး ပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာကြောင့် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ သဘောထားကို အမြန်ဆုံး ထုတ်ပြန်သင့်တယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေလည်း ရှိလာပါတယ်။
အဲဒီထဲမှာ ဒေါက်တာတူးဂျာလည်းပါဝင်ပါတယ်။
"နိုင်ငံတော် အစိုးရက ပြတ်ပြတ်သားသားနဲ့ အဆုံးအဖြတ်ပေးဖို့ လိုအပ်ပါတယ်၊ မလုပ်သင့်ဘူးဆိုင်ရင်လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးတော့ ပြည်သူတွေကို ချပြဖို့လိုတယ်၊ ကျန်တဲ့အပိုင်းက ဘာရှိမလည်းဆိုရင် တရုတ်အစိုးရနဲ့ အစိုးရ နှစ်ခုကြားမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အပိုင်းတွေကို ဖြေရှင်းရမှာပေါ့နော်၊ အစိုးရက ပြတ်ပြတ်သားသားဆောင်ရွက်ဖို့လိုမယ်"
မြစ်ဆုံစီမံကိန်းကို လူထုဆန္ဒသဘောထားနဲ့ ဆန့်ကျင်ပြီး ဆက်လက်မလုပ်ဆောင်ဖို့ ကချင်တိုင်းရင်း သားခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြစ်ကြီးနားမြို့မှာ တွေ့ဆုံစဉ် တောင်းဆိုတာတွေရှိခဲ့ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်နေ့ အခမ်းအနားတက်ရောက်လာချိန်မှာလည်း ကချင်ခေါင်းဆောင်တွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းကိုလည်း ဆက်လက် မလုပ်ဆောင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မယ်ဆိုပြီး ပြောဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။