စစ်ကောင်စီတိုက်ခိုက်မှု တားဆီးပေးဖို့ မြောက်ပိုင်းမဟာမိတ်တွေ တရုတ်ကို တောင်းဆို
2024.08.06
တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို တားဆီးပေးဖို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံကို ဩဂုတ်လ ၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
တိုက်ပွဲဖြစ်တာမရှိတဲ့ မြို့ရွာတွေ၊ စျေး၊ စာသင်ကျောင်းနဲ့ ဆေးရုံ အစရှိတဲ့ အရပ်သားတွေရှိတဲ့ အဆောက်အအုံတွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်နေတာတွေ ဝိုင်းဝန်းဟန့်တာပေးဖို့ နိုင်ငံတကာကိုလည်း တောင်းဆိုတိုက်တွန်းတယ်လို့ ရေးသားထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ မြို့ရွာတွေက အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ မြောက်ဦး အစရှိတဲ့ မြို့နယ်တွေမှာ အရပ်သားတွေ သွားလာနေထိုင်တဲ့ စျေး၊ ကျောင်း၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ မြို့ရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ အရပ်သားတွေကို အဓိကပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်နေတယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို ဟန့်တာပေးဖို့တောင်းဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားသိနိုင်ဖို့ RFA က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက Wechat လူမှုကွန်ရက်စာမျက်နှာကတဆင့် ဩဂုတ်လ ၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
"၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ဆနီးပါးတိုးလာခဲ့ပြီး စစ်ဆင်ရေးမစခင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ နှစ်ထောင်ခန့်သာရှိပေမဲ့ စစ်ဆင်ရေးနောက်ပိုင်း အကြိမ်ရေ ၃၈၀၀ ထက်မနည်း ရှိလာတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။