တရုတ်နိုင်ငံသားပိုင်စက်ရုံ နှစ်ရုံကိစ္စ နှစ်ဘက်ညှိနှိုင်းပေးမယ်လို့ ဝန်ကြီးချုပ်ကတိပေး


2019.07.15
phyominthein-workers-problem-622.jpg တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံက အလုပ်သမားတွေ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ၂၀၁၉၊ ဇူလိုင် ၁၅ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - သန့်ဇင်ဦး/ RFA

တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံက နစ်နာကြေးအပြည့်အဝမပေးဘဲ စက်ရုံပိတ်သိမ်းမယ်ဆိုပြီး ကြေညာလိုက်တာကြောင့် ရန်ကုန်တိုင်းအစိုးရအဖဲ့ွရုံးရှေ့မှာ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ဒီနေ့ တောင်းဆိုခဲ့တဲ့ စက်ရုံအလုပ်သမားတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တေ့ွဆုံပြီး မကြာခင်ရက်ပိုင်းအတွင်း နှစ်ဘက်တွေ့ဆုံညှိနှိုင်းပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မကြာခင် ရက်ပိုင်းအတွင်း စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ နှစ်ဘက်စလုံးကို ခေါ်ယူတေ့ွဆုံပြီး ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံဖြစ်တဲ့ Enjoy Fashion နဲ့ Myanmar Handsome ကုမ္ပဏီတွေက အလုပ်သမားတွေကို နစ်နာကြေး အပြည့်အဝ မပေးဘဲ စက်ရုံပိတ်သိမ်းဖို့ဆိုပြီး စက်ရုံတာဝန်ရှိသူတွေဘက်က ကြေညာလိုက်တာဖြစ်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

အဲဒီကိစ္စကိုဖြေရှင်းပေးဖို့အတွက် စက်ရုံအလုပ်သမား တစ်ရာလောက်ဟာ ဝန်ကြီးချုပ်နဲ့တွေဆုံဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးကို လာရောက်တောင်းဆိုခဲ့တာပါ။

စက်ရုံကဘက် အလုပ်သမားဥပဒေပါအချက်တွေကို ဖြည့်ဆည်းမပေးလို့ဆိုပြီး အလုပ်သမားတွေက ဇွန်လ ၆ ရက်နေ့မှာ တောင်းဆိုဆန္ဒပြခဲ့တဲ့အပေါ် ညှိနှိုင်းနေစဉ်မှာပဲ ဒီလ ၃၀ ရက်နေ့မှာ စက်ရုံပိတ်သိမ်းမှာဖြစ်တယ်လို့ စက်ရုံကဘက်က ကြေညာစာကပ်လိုက်တာဖြစ်တယ်လို့ Myanmar Handsome စက်ရုံက မနှင်းအိဖြူကပြောပါတယ်။

စက်ရုံဘက်ကတေ့ာ အထည်မှာယူမှု နည်းလာတာကြောင့် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်လို့ စက်ရုံကို ပိတ်တာလို့ ကြေညာစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Enjoy Fashion စက်ရုံရဲ့ HR မန်နေဂျာ မသန္တာအောင်ကို RFA က ဆက်သွယ်ခဲ့ရာမှာတော့ အလုပ်သမားတွေဘက်က အလုပ်မလုပ်တော့တဲ့အတွက် စက်ရုံဘက်က အရှုံးပေါ်လို့ပိတ်တာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Enjoy Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော်ရှိပြီး Myanmar Handsome အထည်ချုပ်စက်ရုံ မှာတော့ အလုပ်သမား ၂၀၀ ခန့်ရှိပါတယ်။

ဒီစက်ရုံတွေဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေဖြစ်ပြီး Enjoy Fashion စက်ရုံက နစ်နာကြေးတစ်လစာပဲ ပေးမယ်လို့ ကြေငြာထားသလို Myanmar Handsome စက်ရုံကတော့ လုပ်သက် ၆ လကျော်တဲ့သူတွေကိုသာ နစ်နာကြေး လဝက်စာ ပေးမယ်ဆိုပြီး ကြေညာထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။