တရားမဝင်နေထိုင်တဲ့ မြန်မာတွေကို တရုတ်လွဲှပြောင်းပေးအပ်

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်သဘောတူညီချက်ကို ကျော်လွန်ပြီး တရုတ်နိုင်ငံမှာ တရားမဝင် ဝင်ရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေကို ဒီဇူလိုင်လပိုင်းအတွင်း ရာနဲ့ချီပြီး တရုတ်နိုင်ငံဘက်က ပြန်လည် လွှဲပြောင်းပေးခဲ့ ပါတယ်။

ဒီလပိုင်းအတွင်း တရုတ်ကပြန်လွှဲပေးတဲ့ လူဦးရေ တစ်ရာကျော်ရှိနေပြီလို့ မူဆယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ(၇)၊ ဒုတိယ ဌာနခွဲမှူး ဦးမြင့်ကြည် ကပြောပါတယ်။

"ကိုယ်တို့မြင်နေတာ ဒီနားမှာ တလအတွင်း တခါလာလည်း ၉ ယောက်လွှဲလိုက်၊ ၁၀ ယောက်လွှဲလိုက် တချို့များရင်တော့ စုပြီးမှလွှဲရင်တော့ တခါကျရင် ၈၀ ရှိရင်လည်းရှိတယ်။ ၁၀၀ ရှိရင်လည်း ရှိတယ်။ အဲလောက်တော့တွေ့တယ်။ သောင်းချီတဲ့ဂဏန်းလည်းမတွေ့ဘူး။ တအား ရာချီတဲ့ဟာတွေလည်း မတွေ့ဘူး။ ကိုယ်တို့ မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်ရင်းနဲ့ နည်းနည်းပါးပါး တီးခေါက်ကြည့်ကြည့် တာတော့ တော်တော်ကို ဧရိယာတွေကျော်လွန်ပြီး လေယာဉ်တတန် ကုန်းတတန်နဲ့ မိုင်ပေါင်း ၁၅၀၀ လောက် သွားပြီးမိလာတဲ့ ကောင်ချည်းပဲ။ စည်းကမ်းဖောက်လို့ မိလာတဲ့ကောင်တွေချည်းပဲ။ တရုတ်ကလည်း ပြဿနာရှာပြီး လိုက်ဖမ်းနေတာ မဟုတ်ဘူး။ တရုတ်က မိလည်းမိရော ထောင်တောင် မချပါဘူး။ ပညာပေးစခန်းကနေပြီးတော့ လာလွှဲတာ။"

တရုတ်နိုင်ငံဘက်က လွှဲပြောင်းပေးသူအရေအတွက် အတိအကျကိုတော့ စာရင်းပြုစုထားတာမရှိဘူး လို့ ပြောပါတယ်။

တရားမဝင် နယ်မြေဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေကို လွှဲပြောင်းပေးတာကို သံတမန်နည်းအရ တရုတ်နိုင်ငံဘက်က အကြောင်းကြားတာမရှိပေမယ့် နှစ်နိုင်ငံသဘောတူညီချက်အရ ဒီလပိုင်းအတွင်း ဒေသ ဆိုင်ရာ အာဏာပိုင်တွေက နယ်စပ်မှာ တဖက်နဲ့တဖက်နဲ့ လွှဲပြောင်းပေးတာတွေတော့ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် သဘောတူစာချုပ်အရ မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံ ရွှေလီအထိ နိုင်ငံကူးလက်မှတ် မလိုဘဲ နယ်စပ်ဖြတ်ကျော် အထောက်အထား စာရွက်စာတမ်းနဲ့ သွားလာခွင့်ရှိပြီး တရုတ်နိုင်ငံသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံအတွင်းကို မူဆယ် ၁၀၅ မိုင်အထိ ဝင်ရောက်ခွင့်ရှိတာဖြစ်ပါတယ်။

ပြန်လည်လွှဲပြောင်းခံရသူတွေဟာ ရွှေလီမြို့ကနေ ကျော်လွန်ပြီး တခြားမြို့တွေကို သွားရောက်အလုပ်လုပ်ကိုင်နေ တဲ့အတွက် တရုတ်အစိုးရက ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်လာတာဖြစ်တယ်လို့ ဦးမြင့်ကြည်က ပြောပါတယ်။

တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေးသူတွေကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနခွဲက နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ပြီး နိုင်ငံသားဟုတ်မှန်တယ်ဆိုရင် ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက် ဆောင် ရွက်နေတယ်လို့ ပြောပါတယ်။