လွိုင်ကော် သတ္တုသန့်စင်စက်ရုံစီမံကိန်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ခံနေရ

စိုးစိုးထက်
2020.08.28

ကယားပြည်နယ် လွိုင်ကော်မြို့ စက်မှုဇုန် (၂) ထဲမှာ အကြီးစား ခဲသတ္တုကုန်ချောစက်ရုံ တည်ဆောက်နေရာမှာ ဓာတုစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်မယ့်နေရာကို ကုမ္ပဏီဘက်က ဖော်ပြထားတာမရှိဘူးလို့ အဲဒီဒေသအရေး လေ့လာစောင့်ကြည့်သူတွေက ဝေဖန်ပြောဆိုနေပါတယ်။

တရုတ်ကုမ္ပဏီက ရာခိုင်နှုန်း ၉၀ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့ အချက်ကိုလည်း သူတို့က ထောက်ပြနေပါတယ်။

လွိုင်ကော်မြို့မှာ တည်ဆောက်နေတဲ့ ခဲသတ္တုကုန်ချောစက်ရုံက လုပ်ငန်းလည်ပတ်တဲ့အခါ ဓာတုပစ္စည်း အများအပြားအသုံးပြုပြီး ဆောင်ရွက်ရမှာဖြစ်တာကြောင့် ထွက်ရှိလာမယ့် စွန့်ပစ်ပစ္စည်းတွေဟာ အန္တရာယ်ရှိပြီး စနစ်တကျ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

ဒါပေမဲ့ စက်ရုံဘက်က စွန့်ပစ်မြေဇာပုံကို ဘယ်မှာသွားထားမယ်ဆိုတာကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ မဖော်ပြထား ဘူးလို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ MATA ကယား (ကရင်နီ) ပြည်နယ် တာဝန်ခံ ခွန်းအန်းဂျလိုက RFA ကို ပြောပါတယ်။

“ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေက သူတို့ ဘယ်မှာစွန့်ပစ်မလဲ၊ အဲမှာအသုံးပြုရမယ့် ဓာတုပစ္စည်းတွေက တအားများတယ်လေ။ စွန့်ပစ်မြေဇာပုံက ဘယ်မှာသွားစွန့်မလဲဆိုတဲ့ဟာက သူတို့က ဘာမှမဖော်ညွှန်း ထားဘူး။ နေရာလည်း မရှိသေးဘူး၊ အခုထိ အန္တရာယ်ရှိတဲ့အရာတွေ သူတို့က ဘယ်မှာသွားစွန့်မလဲ၊ သေချာလုပ်ထားရဲ့လားဆိုတာ အဲဒါလည်း လုပ်ထားတာလည်း မရှိဘူး၊ ကျနော်တို့က အဲဒါတွေ လေ့လာရတယ်လေ”

ဒီစီမံကိန်းကို Global South Industrial Co.ltd က ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဝေဖန်ချက်နဲ့ ပတ်သက်ပြီး စီမံကိန်း အကောင်အထည် ဖော်နေတဲ့ Global South Industrial ကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးဝင်းမော်က သတ္တုသန့်စင်တဲ့ လုပ်ငန်းကို တခြားနေရာမှာ ဆောင်ရွက်ခဲ့မှာဖြစ်ပြီး လွိုင်ကော်စက်ရုံမှာက ကုန်ချော ထုတ်လုပ်မှာ ဖြစ်တာကြောင့် စွန်ပစ်ပစ္စည်း ဆိုတာ မရှိနိုင်ကြောင်း ပြောပါတယ်။

"သတ္တုကုန်ချော အဆင့် ကုန်ချောတွေ ထုတ်လုပ်မှာ။ ထုတ်လုပ်လို့ရှိရင် ဓာတုဗေဒဆေးဝါးတွေ ပါမယ်။ ဒါပေမဲ့ ဒီဓာတုဗေဒဆေးဝါးတွေက အကိုတို့လျှပ်စစ်နဲ့အပူပေးလိုက်တဲ့ခါကျတော့ ဒီကောင်တွေက အငွေ့ အဖြစ်နဲ့ပဲ ပျံသွားမှာပေါ့။ အဲဒီတော့ အငွေ့အဖြစ်နဲ့ပျံသွားတဲ့ဟာကိုလည်း   ပေါင်းဖိုမှာ ဒီခေါင်းတိုင်မှာ အဆင့်ဆင့်ပေါ့၊ ဒီအဆင့်မြင့်နည်းပညာနဲ့ အဲဒီ အခိုးအငွေ့တွေကို စစ်ပြီးမှ တစ်ဆင့်တစ်ဆင့် စစ်ပြီးမှ နောက်ဆုံး အနံ့အသက် အရှိတော့တဲ့ဟာကျမှ   လေထုထဲကို လွင့်ထည့်လိုက်မှာပေါ့နော်။ ဒါကြောင့်မို့လို့ အကိုတို့မှာ စွန့်ပစ်ပစ္စည်း ဆိုတာလည်း ဘာမှ ဒီမှာ ရှိလာစရာအကြောင်း မရှိဘူးပေါ့နော်"

ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA) မလုပ်ဘဲ တည်ဆောက်နေတာတွေက ဥပဒေမှာ အားနည်းချက်တွေရှိတယ်လို့ ဆိုပါတယ်။

သဘာ၀ ပတ်ဝန်းကျင်နှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ အမည်မဖော်လိုသူက ဥပဒေတွေမှာ အားနည်းချက်ရှိတာကြောင့် စီမံကိန်းတွေကို ဆောင်ရွက်ရာမှာ လက်တစ်လုံးခြား လုပ်နေတာတွေဖြစ်နေတာလို့ သုံးသပ်ပါတယ်။

“ဥပဒေရဲ့ ချို့ယွင်းချက်တွေ၊ အာဏာရှိတဲ့လူတွေရဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့ဟာတွေတော့ ကျနော်တို့တွေ့တယ်။ ဥပမာဆိုရင် EIA၊ SIA အရင်လုပ်ပြီးမှ စီမံကိန်းကို အကောင်အထည်ဖော်ရတယ်လို့ ဥပဒေမှာပြဌာန်းပေမယ့် အဲချို့ယွင်းချက်အနေနဲ့ ဥပဒေမှာ ထပ်ပါပြန်တာပေါ့နော်၊ ဝန်ကြီးဌာနရဲ့ မှတ်ချက်တွေနဲ့ လုပ်ဆောင်သင့် မလုပ်ဆောင်သင့်ဆိုတာကို လုပ်လို့ရတယ်ဆိုတဲ့ဟာ ပါပြန်တာပေါ့နော်။ ဆိုတာ့ အဓိကတော့ ဥပဒေမှာ အားနည်းချက်ရှိတယ်”

ကရင်နီ အကြီးစား ရင်းနှီးမြှုပ်နံှမှု စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ကလည်း ပူးပေါင်းကြံစည်မှုဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ အကြီးစား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ ကယား/ကရင်နီပြည် အပေါ်သို့ လူ့အခွင့်အရေး ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ဌာနေတိုင်းရင်းသားများ၏ မြေ၊ အရင်းအမြစ်နှင့် နယ်နိမိတ်ဆိုင်ရာ အခွင့်အရေးခြိမ်းခြောက်မှုများဆိုတဲ့ အကြောင်းတွေ ပါဝင်ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ ကယား (ကရင်နီ) ပြည်နယ်အတွင်း သတ္တုထုတ်လုပ်မှုကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဗဟိုချုပ်ကိုင်မှုတွေများနေတဲ့ မြေယာအုပ်ချုပ်ရေး ယန္တရားတွေကို အားပေးတာတွေ၊ အရင်းရှင်နိုင်ငံတွေရဲ့ နိုင်ငံဖြတ်ကျော် စီမံကိန်းတွေ၊ နောက်ဆက်တွဲ လူ့အခွင့် အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ၊ သက်ဆိုင်ရာ အစိုးရအဆင့်ဆင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ဖို့ ပျက်ကွက်နေတာတွေ၊ စီးပွားရေးလုပ်ငန်းမှ လူ့အခွင့်အရေး ပျက်ကွက်နေတာတွေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်နေတာတွေကို ထောက်ပြထားပါတယ်။

လွိုင်ကော်မြို့မှာ ခဲမဖြူ၊ အဖြိုက်နက်နဲ့ ရောရာသတ္တုတွေကို သန့်စင်ပြီး သတ္တုကုန်ချောအဆင့်ကို ရောက်အောင် ထုတ်လုပ်နိုင်ဖို့အတွက် Global South Industrial Co.ltd က ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို Global South Industrial Co.ltd (ကမ္ဘာ့တောင်ပိုင်းစက်မှုကုမ္ပဏီလိမီတက်) က အမေရိကန် ဒေါ်လာ (၄၅) သန်း၊ ပြည်တွင်း ရတနာ ကုဋေသိုက် ကုမ္ပဏီလိမိတက်က အမေရိကန်ဒေါ်လာ (၅) သန်းနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၅၀) တန်ဖိုးရှိတဲ့ နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ရာခိုင်နှုန်းအရ တွက်ကြည့်ရင် တရုတ်ကုမ္ပဏီက ရာခိုင်နှုန်း ၉၀၊ မြန်မာကုမ္ပဏီက ရာခိုင်နှုန်း ၁၀ ဖြစ်နေတယ်လို့ ဒီကနေ့ ထွက်ပေါ်လာတဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ခွင့်ပြုမိန့်လျှောက်ထားခဲ့တာဖြစ်ပြီး ခွင့်ပြုမိန့်လျှောက်ထားရာမှာ တင်ပြခဲ့တဲ့ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော်က ပြောပါတယ်။

“ကျနော်တို့တွေသည် ဒီလုပ်ငန်းကို ရရှိရေးအတွက်လည်း စနစ်တကျ ကျနော်တို့ ဆောင်ရွက်လာတာ ဖြစ်တယ်။ ပြီးတော့မှ ကျနော်တို့ နိုင်ငံတော်မှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ကျနော်တို့ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ခွင့်ပြုမိန် ရအောင် ကျနော်တို့ လုပ်လာတာဖြစ်တယ်။ အဲတော့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှာ ခွင့်ပြုမိန့်ရအောင် လုပ်တဲ့အချိန်တုန်းကလည်း ကျနော်တို့ဘက်က ဘာတွေလုပ်ပါမယ်ဆိုတဲ့ ကတိကဝတ်တွေကို အကုန်လုံး ကျနော်တို့ သေချာပြည့်ပြည့်စုံစုံပေးခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့တွေ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာလည်း အဲဒီဥပဒေနဲ့အညီ ပေးခဲ့တဲ့ကတိကဝတ်တွေနဲ့အညီ ကျနော်တို့ နွားလဝိုးကျေးရွာအုပ်စုအတွင်းမှာ ပါဝင်နေတဲ့ ကျေးရွာအသီးသီး တွေက ဒေသခံတွေနဲ့ အတူတကွ လက်တွဲပြီးတော့မှ ကျနော်တို့တွေ အားလုံးအတွက် ကောင်းကျိုးပေးတဲ့ သတ္တုကုန်ချောစက်ရုံမျိုးဖြစ်အောင် ကျနော်တို့ ကြိုးစားပြီးမှ ဆောင်ရွက်သွားပါမယ်ဆိုတဲ့အကြောင်းပဲ ကျနော် ပြောချင်ပါတယ်”

ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က လွိုင်ကော်မြို့မှာ တည်ဆောက်နေတဲ့ သတ္တုသန့်စင်စက်ရုံကိစ္စကို လွှတ်တာ်အစည်းအဝေးမှာ မေးခွန်းမေးဖို့ ပြင်ဆင်နေပါတယ်။

“ လာမယ့် လွှတ်တော် အစည်းအဝေးကျလို့ရှိရင် မေးခွန်းမေးဖို့ရှိတယ်”

စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရာမှာ ဒေသခံပြည်သူတွေကို အလုပ်အကိုင် ဦးစားပေးခေါ်မယ်လို့ ကုမ္မဏီဘက် ပြောဆိုထားပေမယ့်လည်း လက်တွေ့မှာ ဒေသခံ ၁၅ ဦးသာ အလုပ်အကိုင်ရရှိထားတယ်လို့ MATA အဖွဲ့က ခွန်းအန်းဂျလိုက ဝေဖန်ပြောဆိုထားပါတယ်။

ကုမ္ပဏီဒါရိုက်တာ ဦးဝင်းမော်က လက်ရှိဆောက်လုပ်ရေးကာလမှာ ဒေသခံ တိုင်းရင်းသား ၇၀ ရာခိုင်နှုန်းခန့် လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတယ်လို ဆိုပါတယ်။

“ကျနော်တို့ ဒီစက်ရုံမှာ အခုတည်ဆောက်ရေးကာလမှာပဲ နေ့စဉ် နေ့စဉ် အလုပ်ဆင်းနေတာ အလုပ်သမား ၂၀၀ ပတ်ဝန်းကျင် ဆင်းနေတာပေါ့နော်။ ၂၀၀ ပတ်ဝန်းကျင် ဆင်းနေတယ်၊ ဆင်းနေတဲ့အခါမှာ အဝေးက လာတာဆိုလို့ရှိရင် အလွန်ဆုံးပါရင် ၃၀ လောက်ပဲ ရှိတာပေါ့နော်။ အဲတော့ ရာခိုင်နှုန်း အနည်းဆုံး ၇၀၊ ၈၀ ကြားမှာ ဒါကျနော်တို့ ဒေသခံ တိုင်းရင်းသားတွေပဲ၊ ဒေသခံ ပြည်သူလူထုတွေပဲ၊ အဲဒီလုပ်ငန်းခွင်ထဲမှာ လုပ်နေတယ်ဆိုတာ စာရင်းဇယား အထောက်အထားတွေရှိတယ်၊ နေ့စဉ်ဆင်းနေတဲ့ ဟာတွေရှိတယ်၊ ရွာတွေကို ဆင်းမေးလို့ ရတယ်ပေါ့နော်”

MATA အဖွဲ့နဲ့ ကုမ္ပဏီဘက်က အလုပ်အကိုင်အခွင့်အလမ်း ပြောကြားချက် ကွဲလွဲနေတာနဲ့ပတ်သက်ပြီး ဒေသခံတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အတိအကျ ပြောဆိုနိုင်သူ မရှိပါဘူး။

စက်မှုဇုန်တည်ဆောက်နေတဲ့ နွားလဝိုးကျေးရွာအုပ်စု ဒေသခံ ဦးစောဖိုးလှမြင့်ကတော့ စက်ရုံတည်ဆောက်နေတဲ့ ကာလမှာ ဒေသခံတွေက နေ့စားအနေနဲ့ လုပ်ကိုင်နေတာရှိပြီး စာရင်းအတိအကျ မသိတာကြောင့် ဒေသခံပါဝင်မှု အခြေအနေကို ခန့်မှန်းလို့ မရကြောင်းပြောပါတယ်။

“လက်ရှိက တည်ဆောက်တဲ့ကာလအတွင်းလေးမှာတော့ ကျနော်တို့ဒေသခံပြည်သူတွေကတော့ သိတတ် တဲ့နေရာမှာတော့ သူတို့ လက်ရှိအလုပ်လုပ်နေကြတာပေါ့။ နေ့စားအနေနဲ့ပေါ့။ ကျနော် ခန့်မှန်းရမယ် ဆိုလို့ရှိရင်တော့ လောလောဆယ်ကတော့ ကျနော် စာရင်းဇယား မသိတဲ့ခါကျတော့ ကျနော် ခန့်မှန်းလို့မရဘူး”

စက်ရုံအတွင်း ပြည်တွင်းဝန်ထမ်း (၅၃၉) ဦးနဲ့ ပြည်ပဝန်ထမ်း (၂၃) ဦး စုစုပေါင်း ဝန်ထမ်း (၅၆၂) ဦး ဝင်ရောက်လုပ်ကိုင်နေတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေအပေါ်  ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားသူက ဝန်ကြီးခရီးသွားနေကြောင်း ပြောတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။

သတ္တုသန့်စင်စက်ရုံကို ၂၀၁၈ ကစတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှာ ခွင့်ပြုမိန့် အမှတ် (၁၆၈/၂၀၁၉) နဲ့ နှစ် (၅၀) ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ကို ၂၀၁၉၊ ဇူလိုင်လ ၆ ရက်နေ့မှာ ရရှိခဲ့တာဖြစ်ပါတယ်။

ခွင့်ပြုမိန့် ရပြီးနောက်မှာ နွားလဝိုးကျေးရွာအုပ်စု၊ စက်မှုဇုန်အပိုင်း (၂) အတွင်းက မြေ (၁၁၃) ဧကပေါ်မှာ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။