ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener (ခရစ္စတင်းဘာဂီးနာ) ဟာ ပထမဆုံး ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်ကို ဒီနေ့ ရောက်ရှိလာပြီး ညနေပိုင်းမှာ စစ်တွေမြို့နယ်က သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒုက္ခသည်တွေက စစ်တွေမြို့ပေါ်က သူတို့ရဲ့ မူလနေရာတွေဆီကိုပြန်သွားလိုကြောင်းနဲ့ နိုင်ငံသားအဖြစ် အစိုးရဘက်က အသိအမှတ် ပြုပေးဖို့ ကိစ္စတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Ms. Christine Schraner ဟာ ဒီနေ့ မနက်ပိုင်းက ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ သီးသန့်တွေ့ဆုံခဲ့သလို မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာခဲ့တာပါ။
မနက်ဖြန်မှာ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ကို ရဟတ်ယာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကြားမှာ နေထိုင်နေတဲ့ မွတ်စလင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာပဲ ကြိမ်ချောင်း၊ လှဖိုးခေါင်၊ ပန်းတောပြင်ကျေးရွာတွေကို သွားရောက်မှာဖြစ်သလို မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှာ ဟိန္ဒူနဲ့ မွတ်စလင်မိသားစုတစ်ချို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။